Home
မြန်မာသတင်း
ပေါင်းတည်မြို့က စစ်ကောင်စီဗဟိုမဏ္ဍပ် အရက်ပုလင်းဖြင့် ပစ်ပေါက်ခံရ
DVB
·
April 11, 2022

ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ စစ်ကောင်စီဆောက်လုပ်ထားတဲ့ သင်္ကြန် ဗဟိုမဏ္ဍပ်ကို ဧပြီ ၁၀ ရက် ညပိုင်းမှာ လူငယ်တချို့က အရက်ပုလင်းတွေနဲ့ ပစ်ပေါက်သွားတယ်လို့ မဏ္ဍပ်အနီးနေတဲ့ ဒေသခံထံက သိရပါတယ်။

မဏ္ဍပ်အနီး ဒေသခံတယောက်က  “ပုလင်းနဲ့ ပစ်ပေါက်သံကြားတော့မှ အစောင့် စစ်ကောင်စီတပ်သားတွေက သေနတ်မောင်းတွေ တင်ပြီး ပစ်မယ်အလုပ်မှာ မမီတော့ဘူး။ ဆိုင်ကယ်တွေနဲ့ မောင်းထွက်ပြေးသွားပြီ။ အဲဒါကို ငြာသံပေးပြီး လိုက်လိုက်ဆိုပြီး လူခွဲလိုက်ကြတာ။ ကောင်လေးတွေက  ရန်ကုန်-ပြည်လမ်းဘက်ကလာပြီး ၄ လမ်းဘက်ကို မောင်းပြေးသွားကြတာ သူတို့က ဆိုင်ကယ်တစီးတည်း မကဘူး၊ တော်တော်များတယ်။ မိန်းကလေးတွေ တောင်ပါတယ်။ ကွန်ရက်ပုံစံမျိုးနဲ့ အဖွဲ့လိုက်လာတာ။ ရထားကလည်း ဆိုက်ပြီးခါစဆိုတော့ လူသွားလူလာများနေတဲ့ အချိန်ကို ရွေးပြီးလုပ်တာ။ ဒါပေမဲ့ သူတို့အထဲက ၂ ယောက်ကို မိသွားတယ်။  ကောင်လေးတွေက ကြာနီကန်ရပ်ကွက်က” လို့ ပြောပါတယ်။

ပေါင်းတည်မြို့က စစ်ကောင်စီဗဟိုမဏ္ဍပ်ကို အရင်တုန်းက လုပ်နေကျ ရန်ကုန်-ပြည်လမ်းပေါ်မှာ မဆောက်လုပ်ပဲ လုံခြုံရေးအကြောင်းပြပြီး ပေါင်းတည်မြို့၊ ဈေး ၁ ရပ်ကွက်၊ ဘုရားကြီးလမ်း မြို့လယ်မှာ တည်ဆောက်ထားတာပါ။

ဒီနေ့ ဧပြီ ၁၁ ရက် မနက်ပိုင်းကစပြီး လက်နက်ကိုင်စစ်ကောင်စီတပ်သားတွေက အသင့်ပုံစံ လုံခြုံရေးကင်းတွေချထားပြီး ပေါင်းတည်မြို့နယ်ရဲတပ်ဖွဲ့မှူးက နောက်တခါ အခုလိုမျိုး ထပ်ဖြစ်ရင်သေနတ်နဲ့ အသေပစ်ဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ ရဲစခန်းနဲ့နီးစပ်သူက ပြောပါတယ်။

“သူတို့တတွေက ထစ်ခနဲဆို ပစ်သတ်ဖို့ပဲ။ မဏ္ဍပ်အနား နေရတာ မလွယ်ပါဘူး။ ဘယ်ကဗုံး လာခွဲမှာ၊ မိုင်းလာဆွဲမှာကိုလည်း ကြောက်နေရတာ။ မဏ္ဍပ်က အခုနှစ်မှ ဒီနားကို လာလုပ်တာ။ အားလုံး ကိုကြောက်နေရတယ်”လို့ မဏ္ဍပ်အနီးမှာနေသူ တယောက်က ပြောပါတယ်။

ပေါင်းတည်မြို့မှာ ရပ်ကွက်ကြီး ၁၂ ခုရှိပြီး ၂ ရပ်ကွက်  ယိမ်းတဖွဲ့နှုန်းနဲ့ မဖြစ်မနေ  ယိမ်း ၆ ယိမ်းထွက်ဖို့ စစ်ကောင်စီက ရပ်ကွက်တွေကို ဖိအားပေးထားကာ စစ်ကောင်စီနဲ့  ဆက်နွှယ်သူတွေ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မိသားစုဝင်တွေ၊ ကြံ့ခိုင်ရေးပါတီ၀င်တွေ၊ ပျူစောထီးအဖွဲ့ဝင် မိသားစုတွေနဲ့ ရပ်ကွက်ယိမ်းတွေလည်း  ပြုလုပ်နေပါတယ်။ 

ယိမ်းတယိမ်းကို အသုံးစရိတ်ကျပ် ၃ သိန်း သတ်မှတ်ထားပေးထားပြီး၊ ပေါင်းတည်မြို့နယ်ထဲက လောင်းကစားဝိုင်း၊ ကြက်ဝိုင်း၊ ဖဲ၀ိုင်းနဲ့ သစ်ခိုးထုတ်သူတွေက ငွေကြေးထောက်ပံ့ တာ၀န်ယူထားတယ်လို့ သိရပါတယ်။

မီး မမှန်လို့ ကြုံရမယ့် ရေအခက်အခဲကို  မဏ္ဍပ်နောက်မှာ တာလဘတ်နဲ့ရေကန်လုပ်ပြီး ရေကို မီးသတ်ကားတွေအကူအညီနဲ့ ပေးဖို့ စီစဉ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024