Home
မြန်မာသတင်း
စစ်ကောင်စီတပ်က စစ်ကိုင်း၊ မကွေး၊ ကချင်၊ ချင်း လမ်းပိုင်းတချို့ကို ပိတ်ဆို့ပြီး ကုန်စည်စီးဆင်းမှု ဖြတ်တောက်
DVB
·
April 10, 2022

PDF နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ် လမ်းပိုင်းတချို့ကို စစ်ကောင်စီတပ်က ပိတ်ထားလိုက်ပြီး မကွေးတိုင်း ကျောက်ထု၊ ထီးလင်းနဲ့ ချင်းပြည်နယ် မင်းတပ်၊ မတူပီတို့ကို စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ်နဲ့ ပိုမိုတင်းကျပ်ကန့်သတ်လာတယ်လို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။ 

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ မန္တလေး၊ မြစ်ကြီးနား ကားလမ်း အသုံးပြုသွားလာတာကို ဧပြီ ၇ ရက်ကစပြီး ပိတ်လိုက်တယ်လို့ ယာဉ်မောင်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“လမ်းတွေပိတ်ထားတယ်၊ ဘယ်နှရက်ကြာမယ်တော့ မသိဘူး။ လမ်းမှာလည်း တိုက်ပွဲဖြစ်တဲ့ နေရာတွေရှိတယ်၊ စစ်ဆေးရေး ဂိတ်တွေကတော့ တရွာတဂိတ်လောက်ရှိတယ်။” 

မန္တလေး၊ မြစ်ကြီးနား၊ မုံရွာ၊ ဖောင်းပြင်၊ သက္ကယ်ချင်းလမ်း၊ ပင်လယ်ဘူးလမ်းပိတ်ထားတဲ့အတွက် မသိသေးတဲ့ ကုန်တင်ကားတွေ၊ ခရီးသည်တင်လိုင်ကား‌တွေ တက်မလာကြဖို့ အချင်းချင်း အသိပေးပြောဆိုနေကြပါတယ်။ 

အလားတူ မကွေးတိုင်းဒေသကြီး၊ ယောဒေသဖြစ်တဲ့ ကျောက်ထုမြို့၊ ထီးလင်းမြို့နယ်တွေနဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်တွေအတွက် ကုန်ပစ္စည်းတင်ပို့နေတဲ့ အဓိက အချက်အချာကျတဲ့ လမ်းကြောင်းတွေမှာ ကုန်စည်နဲ့ စားသောက်ကုန် တင်ပို့ခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်တယ်လို့ ကုန်သည်တွေက ဒီဗွီဘီကို ပြောပါတယ်။ 

ပခုက္ကူ၊ ပေါက် ၊ ကျောက်ထု၊ မင်းတပ်၊ မတူပီကို တိုက်ရိုက်ဆက်သွယ်ထားတဲ့ လမ်းကို ပေါက်မြို့နယ် သရက်တောကျေးရွာရှိ သရက်တောဂိတ်ကနေ ကုန်စည်သယ်ဆောင်တဲ့ မော်တော်ယာဉ်တွေကို စစ်ဆေးနေတာဖြစ်ပြီး စစ်ကောင်စီက အရင်ထက်ပိုမိုပြီး ကုန်စည်နဲ့ စားသောက်ကုန်တွေအား သယ်ယူခွင့်မပြုတော့ဘဲ သယ်ဆောင်လာပါက ပစ္စည်းတွေကို သိမ်းယူလေ့ရှိတယ်လို့ ဆိုပါတယ်။ 

အမည်မဖော်လိုတဲ့ ကုန်သည်တဦးက “အဲဒီလိုလုပ်တဲ့အခါကြတော့ ဈေးရောင်းဖို့က စားသောက်ကုန်ရောင်းတာဆိုတော့ အဲဒါကို သယ်သူလို့မရဘူး၊ ဂိတ်မှာပဲ ထားခဲ့ရမယ်ဆိုတော့ ပစ္စည်းဖိုးငွေတွေ ဆုံးရှုံးရပါတယ်” လို့ ပြောပါတယ်။

ထပ်မံသယ်ယူခွင့်မရှိတော့တဲ့ စားသောက်ကုန်ပစ္စည်းတွေကတော့ လက်ဖက်၊ ဆား၊ ငပိ၊ ငံပြာရည်၊ ငပိထောင်းဘူး၊ ယမ်ယမ် ခေါက်ဆွဲခြောက်၊ ကြာဇံ၊ ရှူးရှဲလက်ဖက်ထုတ်နဲ့ အသင့်စား စားသောက်ကုန်နဲ့ ကိတ်မုန့်၊ ပေါင်မုန့်အပါအဝင် မုန့်သရေစာအတွက် ၁၇ မျိုး သယ်ဆောင်ခွင့် မပြုကြောင်း ဧပြီ ၆ ရက်နေ့က စပြီး သရက်တောဂိတ်မှာ ရေးသားထားတယ်လို့ ကုန်စည်သယ်ဆောင်တဲ့ ကားသမားတွေနဲ့ ကုန်သည်တွေဆီကနေ သိရပါတယ်။ 

“ကျနော်တို့လည်း ဝမ်းစာရေးကြောင့်သာ လုပ်နေရတာဗျ မလွယ်ဘူး။ စစ်ဆေးရေးဂိတ်ရောက်ရင် ရှိသမျှပစ္စည်းအကုန် စစ်တယ်၊ ပြီးရင် ရစ်တယ်ပေါ့၊ ရစ်တာကတော့ ထုံးစံပေါ့။ အရင်က စားသောက်ကုန်တွေ သယ်ခွင့်ပြုတော့ ဆီဖိုးက ဈေးကြီးနဲ့သယ်ရပေမယ့် အဆင်ပြေအောင်ရုန်းကန်ဆွဲလို့ရတယ် အခု ဧပြီ ၆ ရက်စပြီး စားသောက်ကုန်တွေ သယ်လို့မရဘူးဆိုတော့ ကျနော်တို့က ကားပဲထိုးထားရတော့မလိုဖြစ်နေပြီဗျ” လို့ ကားသမားတဦးက ဒီဗွီဘီကို ပြောပါတယ်။

အခု ပိတ်လိုက်တဲ့ လမ်းကြောင်းပေါ်ရှိ မြို့နယ်တချို့မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေလို့ စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ကူနေရပါတယ်။ တချို့ မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ PDF တပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး ကျေးရွာတချို့လည်း မီးရှို့ဖျက်ဆီးခံရတာကြောင့် PDF တပ်ဖွဲ့ထဲ တရွာလုံးနီးပါးဝင်ရောက်တာတွေလည်း ရှိနေပါတယ်။ 

စစ်ကောင်စီအနေနဲ့ အဲ့ဒီဒေသတွေကို အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားသလို ကုန်စည်စီးဆင်းမှုတွေကိုလည်း ထပ်မံ ပိတ်ဆို့နေတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024