Home
မြန်မာသတင်း
ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဒေသခံများ ထိုင်းဘက် ထွက်ပြေး
DVB
·
April 8, 2022
277739957_1064077311119208_3426092897553891301_n
277677082_1064077424452530_6925588236379919292_n
277579866_1064077857785820_5306637171843134654_n
277572724_1064077261119213_6983570801950981239_n
277367893_1064078781119061_6426153179312112620_n

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အဇင်းကျေးရွာမှာ ဧပြီ ၆ ရက် ည၈ နာရီလောက်က   စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့အတွက်  ဒေသခံပြည်သူတွေ ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီရဲ့ အဇင်းတပ်စခန်းကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဖုချိမူကျေးရွာတပ်စခန်းကနေ အဆက်မပြတ်ပစ်ကူပေးနေတာကြောင့် ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်နေပြီး ‌ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဇင်းကျေးရွာသားတဦးက ပြောပါတယ်။

”ထွက်မပြေးလို့ မရဘူး။ လက်နက်ကြီးက အဆက်မပြတ်ပစ်နေတာ။ မပြေးရင် ထိကုန်မှာလေ။ ညက အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေ တော်တော်လေးကို ဒုက္ခရောက်တယ်။ ကျနော်တို့ ငယ်ငယ်ကခေတ်ဆိုးကြီးကို ပြန်ရောက်သွားသလို ခံစားရတယ်။ ကျနော်တို့ သားသမီးတွေကို ဒီလိုခေတ်ဆိုး စနစ်ဆိုးတွေ မပေးချင်တော့ဘူး။ မြန်မြန်လေး ငြိမ်းချမ်းစေချင်ပြီ။” 

ဧပြီ ၃ ရက်က ကော့ကရိတ်မြို့နယ်၊ ကျိတ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ နယ်မြေခံ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လေကြောင်းကနေ လေယာဉ်နဲ့  ဧပြီ ၄ ရက်နေ့အထိ နှစ်ရက်ဆက်တိုက် လာရောက်ပစ်ခတ်တဲ့အတွက် ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ်တချို့  ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာတောတောင်တွေနဲ့ ဥယျာဉ်ခြံတွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

မတ်လနောက်ဆုံးပတ်က နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံ KNLA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ထီးသဘလုခီး၊ ကွီးလေး၊ ကွီးလုံးတန်ကျေးရွာအပါအဝင် ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတွေ ၁၀၀၀ ကျော်ဟာ ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

မတ် ၉ ရက်နောက်ဆုံးထားပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ လေကေ့ကော်ဒေသနဲ့ ဒေါနအရှေ့ခြမ်း ကော့ကရိတ်ခရိုင်အတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဆုတ်ခွာဖို့ အသိပေး အကြောင်းကြားခဲ့ပေမဲ့ စစ်ကောင်စီက လူ၊ လက်နက်ခဲယမ်းဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024