
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ဓားပြမှုကျူးလွန်တဲ့ အမျိုးသား ၃ ယောက်ကို တရားရုံးက ပြစ်ဒဏ် အမိန့်ချမှတ်ပြီးချိန်မှာ စစ်ကောင်စီဩဇာခံ ရဲတပ်ဖွဲ့နဲ့ တရားရုံးကြား ငွေကျပ် သိန်း ၂၀၀ ကျော်ပျောက်ဆုံးသွားတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်က ဖျာပုံမြို့ အမှတ် ၉ ရပ်ကွက်ရှိ နေအိမ်တအိမ်ကို ဓားပြတိုက်ရာမှာ ပါသွားတဲ့ ရွှေ ၂၀ သားနဲ့ ငွေကျပ် သိန်း ၃၀၀ ကို သက်သေခံပစ္စည်းအဖြစ် ရဲနဲ့ တရားရားရုံးက ယူထားခဲ့ပြီး အမိန့်ချပြီးနောက်မှာတော့ ရွှေ ၂၀ သားနဲ့ ငွေကျပ်သိန်း ၁၂၀ ကိုပဲ ပိုင်ရှင်ကိုပြန်ပေးခဲ့တယ်လို့ဆိုတယ်။
ဓားပြမှုကိုတော့ တရားရုံးက ၁ လအတွင်း ရုံးချိန်း ၂ ချိန်းသာ တရားလိုပြသက်သေ တရားခံပြသက်သေတွေကို အပြီးစစ်ဆေးပြီး အမျိုးသား ၃ ယောက်ကို ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။
“ဓားပြမှုဖြစ်တဲ့ ညမှာပဲ တရားခံတွေကို ဖမ်းမိတာ။ ရွှေတွေအားလုံးတော့ ပြန်ရတယ်။ ငွေသိန်း ၂၀၀ လိုနေတာ။ ဖြစ်တဲ့အချိန်နဲ့ မိတဲ့အချိန်ကြားမှာ ၅ နာရီလောက်ပဲခြားတယ်။ အမှုစစ်ဆေးတာ အရမ်းမြန်လွန်းတယ်”လို့ ဒေသခံက ပြောပါတယ်။
ကျူးလွန်တဲ့ တရားခံ ၃ ဦးကို အချိန်ပိုင်းအတွင်းဖမ်းမိခဲ့သော်လည်း သက်သေခံပစ္စည်းတွေ ပြည့်ပြည့်စုံစုံ ပြန်လည်မရရှိတဲ့အပေါ် တရားလိုအနေနဲ့ အများကြီးနစ်နာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။