Home
မြန်မာသတင်း
မောခီးစခန်းကို စစ်ကောင်စီတပ် ပြန်လည်နေရာယူ
DVB
·
April 7, 2022

ပြီးခဲ့တဲ့ မတ်လအတွင်း KNLA က သိမ်းပိုက်ခဲ့တဲ့ ကရင်ပြည်နယ် မြဝတီမြို့တောက်ဘက်ရှိ မောခီးစခန်းမှာ ဧပြီ ၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ပြန်လည်နေရာယူလိုက်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲ၊ မောခီးကျေးရွာမှာရှိတဲ့ မောခီးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) တို့ ပူးပေါင်းပြီး မတ် ၂၁ ရက်နေ့မှာ သိမ်းဆည်းခဲ့တာပါ။

ဒီစခန်းကနေ KNLA နဲ့ ပူးပေါင်းတပ်တွေ ပြန်ထွက်သွားပြီးနောက်မှာ စစ်ကောင်စီတပ်တွေ မနေ့က ပြန်လည်နေရာဝင်ယူခဲ့တာလို့ KNLA တပ်ဖွဲ့ထံက သိရပါတယ်။

မောခီးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေထံကနေ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေ အများအပြားကို KNLA တပ်တွေက သိမ်းဆည်းရမိခဲ့ပြီး ဗုံးခိုကျင်းတွေနဲ့ တပ်စခန်းအတွင်း နေစရာနေရာတွေကိုလည်း မီးရှို့ဖျက်ဆီးပြီးနောက် ပြန်ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

ဒီစခန်းကိုပြန်ရဖို့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းချီ ကြိုးပမ်းနေရာမှာ ရှေ့ထွက်မိုင်းတွေ၊ စနိုက်ပါတွေနဲ့ ကြားဖြတ် ချုံခိုတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ ၁၀၀ ဝန်းကျင်လောက်ရှိမယ်လို့ KNLA ဘက်က ပြောပါတယ်။
ဒါပေမဲ့ ဒီစခန်းသိမ်းပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို သေဆုံးဒဏ်ရာရသူ အရေအတွက်ကိုလည်း အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့စဉ် ပစ်ခတ်မှုတွေ ရှိနေတဲ့အတွက် အနီးအနား ကျေးရွာတွေက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်လောက် စစ်ဘေးရှောင်နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024