အင်ဒိုနီးရှားကျောင်းတွေမှာ ရောင်းတဲ့ ကီဘယ်လ် အာဟာရပြည့် စားစရာ

ကျောင်းသူလေး ဆီကာဟာ ဂျကာတာရဲ့ ၀င်ငွေနည်းတဲ့နယ်မြေ ရာဝါဆာရီမှာ နေထိုင်သူ ဖြစ်ပြီး သူဟာ သီချင်းဆိုတာနဲ့ အားကစား လုပ်ရတာတွေကို သဘောကျ နှစ်ခြိုက်ပါတယ်။ သူဟာ ရှက်ကြောက်တတ်တဲ့ မိန်းကလေးဖြစ်ပေမယ့် သူ့စိတ်ကူးထဲမှာ ရည်မှန်းထားတဲ့ အလုပ်အကိုင်ကို ပြောပြဖို့တော့ မတွန့်မဆုတ်ပါဘူး။
ဆီကာဟာ သူ့ကလေးသူငယ်ဘ၀ ဖွံ့ဖြိုးကြီးထွားဖို့အတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေရဲ့ အရေးကြီးပုံကို နားလည်နေပြီလို့ သူ့အမေ ၀င်ဒါတီက ပြောပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ရွေးချယ်မှုကတော့ အစားအစာဟာ အကန့်အသတ်နဲ့ ရှိနေပြီး အမြဲတမ်းကတော့ ထမင်းပဲ စားကြတယ်လို့ ပြောပါတယ်။
ဒါကတော့ အင်းဒိုနီးရှားနိုင်ငံ ဂျကာတာက ၀င်ငွေနည်းပါးတဲ့နယ်မြေက ကလေးတွေရဲ့ ပုံစံပါပဲ။ သူတို့ဟာ ထမင်းဖြူနဲ့ အသင့်စား ရယ်ဒီမိတ်ခေါက်ဆွဲကို အများကြီး စားသောက်ကြပြီး လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်ကိုတော့ အစားနည်းကြပါတယ်။
Mercy Corps အဖွဲ့ကတော့ ကြက်သားဆန်ပြုတ်၊ သစ်သီးစုံ ရေခဲချောင်းတွေနဲ့ လတ်ဆတ်တဲ့ သဘာဝသစ်သီးဖျော်ရည်တို့လို တခြားရွေးချယ်စရာ စားစရာအစုံအလင် စီစဉ်ပေးဖို့ ကြိုးစားနေပါတယ်။
ဒါ့အပြင် သူတို့ဟာ ထမင်းနဲ့ တခြားအစားအသောက်တွေထဲကို ဖြည့်စွက် ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေကိုလည်း ထပ်ဖြည့်ပေးထားပါတယ်။
ဒီအဖွဲ့ဟာ ကလေးငယ်လေးတွေအတွက် ဦးတည်သတ်မှတ်ထားပြီး ၂၀၀၉ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့တာလို့ ကီဘဲလ်ထုတ်ကုန်ပစ္စည်းရဲ့ မန်နေဂျာ ရိုဇယ်လီနာ ပူလူဘူဟူက ပြောပါတယ်။
ကီဘဲလ်ထုတ်ပစ္စည်းတွေကို ကျွေးမွေးထားတဲ့ ကလေးတွေက ပိုကျန်းမာ၊ အရပ်ပိုရှည်ပြီး ကိုယ်အလေးချိန်လည်း ပိုတက်လာတာကို တွေ့လာရတယ်လို့ ဆိုပါတယ်။
မနှစ်ကတော့ ကီဘဲလ် အစားအသောက်လုပ်ငန်းဟာ မူလတန်းကျောင်းတွေထဲထိ ၀င်ရောက် ရွှေ့ပြောင်းလာကြပါတယ်။
မန်နေဂျာ ရိုဇယ်လီနာ ပူလူဘူဟူက “သူတို့တွေက ကျန်းမာရေးနဲ့ မညီညွတ်တဲ့မုန့်တွေကို စားနေကြတာ ကျမတို့ တွေ့ရပါတယ်။ ဒါကြောင့်ပဲ ကျမတို့ ဈေးကွက်ကို အချိုးတကျလေး တိုးချဲ့ လုပ်လာတာပါ” လို့ ပြောပါတယ်။
ရာဝါဆာရီ တီဂါ ပါဂီမူလတန်းကျောင်းဟာ ဒီအစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ကျောင်း ၅ ကျောင်းထဲက တကျောင်း ဖြစ်ပါတယ်။
ဒီအစားအသောက်တွေကို ကီဘယ်လ်ဝန်ထမ်းတွေက ချက်ပြုတ်ကြပြီး နောက်တော့ ကျောင်း စားသောက်ဆိုင်တန်းကို ရောင်းဖို့ ပို့ဆောင်ပါတယ်။
ကျောင်းအုပ်ဆရာမကြီး ကယ်လနာ ၀ါတီက “ကျောင်းသားအတော်များများပဲ သူတို့ရဲ့ ဘေးကင်းမှုနဲ့ ကျန်းမာရေးအတွက် ဒီအစားအသောက်တွေကို ၀ယ်စားကြပါတယ်။ ကျမ ကိုယ်တိုင်လည်း ဒီစားစရာတွေကို ၀ယ်စားပါတယ်။ ကျမ နေ့တိုင်း သစ်သီးဖျော်ရည် ၀ယ်သောက်တယ်။ ဘာလို့လဲဆိုတော့ ဒါက အပြင်က၀ယ်တဲ့ ဖျော်ရည်တွေနဲ့ယှဉ်ရင် ပိုပြီး ကျန်းမာရေးကောင်းစေတယ်လို့ ကျမ ထင်လို့ပါပဲ” လို့ ပြောပါတယ်။
ကီဘယ် စားသောက်ကုန်လုပ်ငန်းဟာ ကလေးတွေကို ဟင်းသီးဟင်းရွက်တွေ ပိုပြီး စားချင်လာအောင်လည်း ကြိုးပမ်းလုပ်ဆောင်နေပါတယ်။
မန်နေဂျာ ရိုဇယ်လီနာက “ကျမတို့က အဲဒါကြောင့် ကျောင်းက ကျောင်းသားလေးတွေအတွက် ဟင်းသီးဟင်းရွက် ဘီစကစ်ကို ဖန်တီးကြည့်နေတာပါ။ အဲဒီတော့ ကလေးတွေလည်း ဟင်းသီးဟင်းရွက် အားဖြည့်မှုကို ရတာပေါ့လေ” လို့ ပြောပါတယ်။
ဒါပေမယ့် ကီဘယ်လ် ကျန်းမာရေးအစားအစာအစီအစဉ်မှာ အစိုးရက တချို့တ၀က် စရိတ်ကျခံ ပေးထားတယ်ဆိုတာတောင်မှ တချို့စားစရာတွေက ဈေးကြီးလွန်းနေပါတယ်။
သူတို့ ရောင်းတဲ့ သစ်သီးဖျော်ရည်တွေရဲ့ တန်ဖိုးဟာ ၄ ဒေါ်လာနဲ့ ညီမျှတဲ့ ရူပီး ၄ ထောင် ဖြစ်ပြီး ကြာရှည်ခံပစ္စည်းတွေ ထည့်သွင်း ပြုလုပ်ထားတဲ့ စားစရာတွေရဲ့တန်ဖိုးက အဲဒီဈေးနှုန်း ထက် တ၀က်လောက် သက်သာပါတယ်။
ကီဘဲလ်စားသောက်ကုန် မန်နေဂျာ ရိုဇလီနာက “ကျမတို့ရဲ့ စိန်ခေါ်မှုက ကျန်းမာတဲ့ အစားအသောက်တွေ ရောင်းတာပဲ မဟုတ်ပါဘူး။ ဒါပေမယ့် ကျမတို့ရဲ့ စိန်ခေါ်ချက်က အလေ့အကျင့်တွေကို ပြောင်းလဲပေးနေတာပါ။ ဒါပေမယ့် ကျမတို့ လုပ်နိုင်မယ်လို့လည်း ယုံကြည်နေပါတယ်” လို့ ပြောပါတယ်။
သူတို့အစီအစဉ်တွေဟာ ကျောင်းသူလေး ဆီကာအပေါ်မှာတော့ အကျိုးသက်ရောက်မှု ရှိနေတဲ့ပုံပေါ်ပါတယ်။ သူကတော့ ကျန်းမာပြီး အာဟာရဖြစ်တဲ့ ကီဘလ်မုန့်တွေထဲမှာ သူ့အကြိုက်ဆုံးက စပျစ်သီးလို့ ပြောပါတယ်။
အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် မစ်ချယ်လ်ရင်းမားက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာကနေ တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။