
ဆွေးနွေးညှိနှိုင်းမှုတွေ အောင်မြင်ခဲ့ရင် ထိုင်းနိုင်ငံ True ကော်ပိုရေးရှင်းဟာ ရတနာပုံ တယ်လီပို့စ်နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မယ်လို့ အမှုဆောင်အရာရှိတဦးက ပြောတာကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။
ရတနာပုံတယ်လီပို့စ်နဲ့ True ကော်ပိုရေးရှင်းဟာ ၅၁ ရာခိုင်နှုန်း - ၄၉ ရာခိုင်နှုန်း အချိုးနဲ့ ရင်းနှီးမြှုပ်နှံကြမှာ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၆ ဘီလီယံ တန်ဖိုးရှိမယ်လို့ ဆိုပါတယ်။
ရတနာပုံ တယ်လီပို့စ်ဟာ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီတွေ ပူးပေါင်းထားတာဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ အော်ပရေတာ လုပ်ခွင့်ရမယ့် ပြည်တွင်းကုမ္ပဏီ ၂ ခုထဲက ၁ ခု ဖြစ်ပါတယ်။
ပြည်ပကုမ္ပဏီတွေအနေနဲ့ နော်ဝေအခြေစိုက် တယ်လီနောနဲ့ ကာတာ အခြေစိုက် အော်ရီဒူးကုမ္ပဏီတွေ အော်ပရေတာ လိုင်စင်ရထားပြီး လုပ်ငန်း စတင်နေပြီ ဖြစ်ပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း ကော်ပိုရေးရှင်း အသွင်ပြောင်းပြီး အော်ပရေတာ အဖြစ် ဆောင်ရွက်မှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။