စစ်ကောင်စီက ငွေကြေးမူ၀ါဒ ပြောင်းလဲပြဋ္ဌာန်းပြီးနောက် တရက်အတွင်း ရန်ကုန်စျေးကွက်မှာ ပြည်ပကို အဓိကတင်ပို့နေတဲ့ ပဲမျိုးစုံဈေးတွေ သိသိသာသာကျဆင်းသွားခဲ့ပါတယ်။
ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီ တစ်တန်ကို ၁ သိန်းနီးပါးထိ ကျဆင်းသွားသလို အခြား ပဲဈေးတွေလည်း ကျဆင်းသွားပါတယ်။
တင်ပို့ရောင်းချမှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေဆဲဖြစ်လို့ ဈေးကွက်အတွင်း ဈေးဖွင့်ရောင်းချမှုတွေလည်း လျော့နည်းသွားပါတယ်။
နိုင်ငံခြားကို ရောင်းချရတဲ့ FOB နဲ့ CFR စျေးနှုန်းတွေ ပြောင်းလဲမှုမရှိဘဲ ဒေါ်လာငွေလဲနှုန်း လျော့ကျသွားတဲ့အတွက် ကုန်ကြမ်းဝယ်ယူတဲ့အခါမှာ ဈေးတွက်ချေကိုက်အောင် ဝယ်ယူရမှာဖြစ်တာကြောင့် ပဲအမျိုးမျိုးအပါအဝင် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ရေထွက်ကုန်နဲ့ ပြည်ပပို့ကုန်တွေ စျေးနှုန်းကျဆင်းသွားနိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ဆိုပါတယ်။
လတ်တလော စျေးကောင်းရောက်နေတဲ့ ပြည်ပပို့ဆန်စျေးနှုန်းတွေလည်း ရက်ပိုင်းအတွင်း ၁၀ ရာခိုင်နှုန်းဝန်းကျင် ပြန်ကျဆင်းသွားနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။
ပြည်တွင်းမှာ နွေစပါးတွေ မကြာခင် ပေါ်ထွက်လာဖို့ ရှိနေပြီး သွင်းအားစုစျေး အမြင့်နဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ တောင်သူတွေအတွက်လည်း တွက်ချေကိုက်တဲ့ ဈေးနှုန်းရရှိဖို့ ခက်ခဲသွားနိုင်ပါတယ်။
ဆန်ကုန်သည်တစ်ဦးက “ခုအခြေအနေတိုင်းဆက်သွားမယ်ဆိုရင် သီးနှံအားလုံး စျေးကျဖို့ပဲ ရှိတော့မယ်၊ နည်းနည်းမကျဘူး၊ များများကျမှာ”လို့ မှတ်ချက်ပြုပါတယ်။
ပြည်ပကဝင်ရောက်တဲ့ နိုင်ငံခြားငွေတွေကို ၁ ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းနဲ့ တရက်အတွင်း မြန်မာငွေလဲလှယ်ဖို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။
ကုန်သွယ်မှုကရငွေ၊ ကုန်သွယ်မှုမဟုတ်တဲ့ရငွေ စသဖြင့် ပြည်ပက နိုင်ငံခြားသုံးငွေနဲ့ ဝင်ရောက်တဲ့ ငွေတွေကို နှုန်းသေ ၁ ဒေါ်လာ ၁၈၅၀ နဲ့ AD လိုင်စင်ရဘဏ်တွေကို တရက်အတွင်း ရောင်းချဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားတာပါ။
ဒါ့အပြင် ဘဏ်စာရင်းတွေထဲက အရင်ရှိထားပြီး နိုင်ငံခြားငွေတွေကိုလည်း အဲဒီနှုန်းထားနဲ့ တရက်အတွင်း အပြီးသတ်ရောင်းချရမယ်လို့ သိရပါတယ်။
လက်ရှိ ပြင်ပပေါက်ဈေးမှာ ၁ ဒေါ်လာကို ၂၀၅၀ ကျပ်ပေါက်ဈေးရှိနေပြီး စစ်ကောင်စီ သတ်မှတ်နှုန်းက လက်ရှိပြင်ပပေါက်ဈေးနဲ့ နှိုင်းယှဥ်ရင် ၁ ဒေါ်လာကို ကျပ် ၂၀၀ ဝန်းကျင် လျော့နည်းနေပါတယ်။
အရင်က ပို့ကုန်ရငွေတွေကို ကုန်သည်အချင်းချင်း လွှဲပြောင်းရောင်းချခွင့်ရှိပေမဲ့ အခုအခါ ရောင်းချခွင့်ကန့် သတ်လိုက်ကြောင်းလည်း သိရပါတယ်။
စစ်ကောင်စီဟာ အရင်က ပို့ကုန်ရငွေတွေကို ရက်ပေါင်း ၃၀ အတွင်းရောင်းချရမယ်လို့ သတ်မှတ်ထားတာဖြစ်ပြီး အခုအခါ တရက်အတွင်း ရောင်းချရမယ်လို့ ထပ်မံပြောင်းလဲ ကန့်သတ်လိုက်တာပါ။
အရပ်သားအစိုးရလက်ထက်မှာတော့ အဲဒီလို သတ်မှတ်ထားခြင်းမရှိဘဲ ဈေးကွက်အတိုင်း လွတ်လပ်ခွင့်ပေးခဲ့ပါတယ်။