Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲမဖြေဘဲ သပိတ်မှောက်ခဲ့သည့် ကျောင်းသား ကျောင်းသူ ၇ သိန်းကျော်ကို NUG ဝန်ကြီး ဂုဏ်ပြု
DVB
·
April 2, 2022

စစ်ကောင်စီကစီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မဖြေဆိုပဲ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသူကျောင်းသား ၇ သိန်းကျော်ကို သမိုင်းတွင်မယ့်ကျောင်းသားတွေအဖြစ် အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ အသိအမှတ်ပြု၊ အလေးပြု၊ ဂုဏ်ပြုလိုက်တယ်လို့ NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်ပါတယ်။  

စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး ပြန်လည်ကျင်းပတဲ့  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုဖို့ ကျောင်းသား ၃ သိန်းကျော် စာရင်းပေးခဲ့ပေမယ့် နှစ်သိန်းရှစ်သောင်းကျော်သာ ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ ၁၀ သိန်းနီးပါးအထိ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းခဲ့တာပါ။

အခုစစ်ကောင်စီက စီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ကျောင်းသား ကျောင်းသူအများစုက စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့အတွက် ဖြေဆိုသူအရေအတွက်ဟာ အရင်နှစ်တွေနဲ့ ယှဉ်ရင် သုံးပုံတပုံလောက်သာရှိတာဖြစ်ပါတယ်။

အခုလို စစ်ကောင်စီ စီစဉ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မဖြေဆိုပဲ သပိတ်မှောက်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အသိအမှတ်ပြု အလေးပြု ဂုဏ်ပြုလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီဗွီဘီကို ပြောကြားလိုက်ပါတယ်။

"တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့ ကျောင်းသားဦးရေ ၁ သန်းလောက်ရှိပြီး  ၂ သိန်းကျော်ပဲ ဖြေတာဟာ ၂၈ ရာခိုင်နှုန်းပဲဖြေတယ်လို့ အဓိပ္ပါယ်ရတယ်။ ဆိုတော့ ၇၂ ရာခိုင်နှုန်းဟာ မဖြေဘူးဆိုခြင်းသည် ၇၂ ရာခိုင်နှုန်းသည် ပြည်သူ့ဘက်တော်သားများဖြစ်သည်လို့ အဓိပ္ပါယ်ရတယ်။ ဒီနွေဦးတော်လှန်ရေး၏ ဘက်တော်သားများဖြစ်သည်လို့ အဓိပ္ပါယ်ရတယ်။ ဒါ့ကြောင့် မဖြေတဲ့ ၇၂ ရာခိုင်နှုန်းသော  ၇ သိန်း ၂ သောင်းသော ကျောင်းသားများကို ဆရာ့အနေနဲ့ ဒီနေရာကနေ အလေးလည်းပြုလိုက်တယ်။ ဂုဏ်လည်း ပြုလိုက်တယ်။ သူတို့အတွက်လည်း ဒီတော်လှန်ရေးကို အခုလိုမျိုးပါဝင်တဲ့အတွက် အသိအမှတ်ပြုပါတယ်။ ပြည်သူ့တော်လှန်ရေးက အသိအမှတ်ပြုတယ်။ NUG က အသိအမှတ်ပြုတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေက အသိအမှတ်ပြုတယ်။ ဒီနေ့ခေတ်သစ် စနစ်သစ်ကိုသွားမယ့် မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီကို သွားချင်တဲ့ လူတိုင်းလူတိုင်းက အဲဒီ ၁၀ တန်းကျောင်းသားတွေကို အလေးပြုတယ်၊ အသိအမှတ်ပြုပါတယ်လို့။ နောင်လည်းပဲ ဒါဟာ သမိုင်းတွင်မယ့် ကျောင်းသားတွေ ၇ သိန်း ၂ သောင်း ဖြစ်ပါတယ်။ "

စစ်ကောင်စီဟာ ပညာရေးကို လက်နက်လိုသုံးပြီး မြန်မာပြည်သူတွေ ဒုက္ခရောက်အောင် ပြုလုပ်နေတဲ့ နည်းတစ်မျိုးဖြစ်တာကြောင့် စားမေးပွဲဝင်ရောက်ဖြေဆိုသူတွေဟာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံပံ့ပိုးတဲ့သူဖြစ်တဲ့အတွက် ပြည်သူ့တော်လှန်ရေးနဲ့ အနာဂတ်နိုင်ငံတော်ကို သစ္စာဖောက်တဲ့သူတွေ ဖြစ်တယ်လို့ ဒေါက်တာဇော်ဝေစိုးက မှတ်ချက်ပြုပါတယ်။ 

စစ်ကောင်စီက တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းဖွင့်ချိန် သုံးလလောက်နဲ့သာ ကျင်းပခဲ့တာဖြစ်ပြီး စာမေးပွဲမကျင်းပခင် ကြိုတင်ကြေညာလေ့မရှိတဲ့ အမှတ်တွေနဲ့ နည်းပညာတက္ကသိုလ်ဝင်ခွင့်၊ ဆေးတက္ကသိုလ်ဝင်ခွင့်တွေနဲ့ ဖြေဆိုတဲ့အရေအတွက်ပိုမိုများပြားအောင်လည်း ဆွဲဆောင်ခဲ့ပါတယ်။ 

ဒါ့အပြင် ဒီနှစ်မှာဖြေဆိုနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းတွေက လွယ်ကူနေပြီး မြန်မာစာ ဘာသာရပ်ရဲ့ အဆင့်အတန်းဟာ ၈ တန်းမေးခွန်းသာသာလောက်ပဲရှိတယ်လို့ CDM ဆရာဆရာမတွေက ဝေဖန်ပြောဆိုပါတယ်။

၃ လကျောင်းဖွင့်ပြီး ကလေးတွေကို စာမေးပွဲဝင်ဖြေခိုင်းတာဟာ ကလေးတွေ ပညာတတ်မှာမဟုတ်ဘဲ စစ်ကျွန်ပညာရေးကို အသက်သွင်းတာသာဖြစ်မယ်လို့ စာမေးပွဲမဖြေဆိုတဲ့ ကျောင်းသားတွေရဲ့ မိဘတွေကလည်း  ပြောပါတယ်။

စာမေးပွဲဝင်မဖြေဘဲ သပိတ်မှောက်နေတဲ့ကျောင်းသားတဦးရဲ့ မိဘဖြစ်သူက  "စစ်အစိုးရ လက်ထက်မှာတက်လို့ အတန်းတက်သွားတာပဲရှိမယ်။ ပညာကတော့ တတ်မှာ မဟုတ်ဘူး။ မေးခွန်းတွေကို ကြည့်တာနဲ့ သိသာတယ်။ တကယ်အရည်အချင်းရှိတဲ့ ဆရာ၊ဆရာမတွေ မရှိတော့ဘူး။ ကျန်ခဲ့ပြီး စာသင်နေတဲ့ ဆရာ ဆရာမတွေက နေရာလိုချင်လို့သာ စာသင်နေကြတာ။ အရည်အချင်းရှိလားဆိုတာ မသိနိုင်ဘူး"လို့ ပြောပါတယ်။

စာမေးပွဲဝင်ရောက်မဖြေဆိုပဲ သပိတ်မှောက်ခဲ့ကြတာဟာ ကျောင်းသားကျောင်းသူတွေနဲ့အတူ မိဘတွေကပါ စစ်အာဏာရှင်ကို ဆန့်ကျင်လို စိတ်ကြောင့် ဖြစ်တယ်လို့ ပုသိမ်တက္ကသိုလ် ကထိက CDM ဆရာတစ်ဦးက ပြောပါတယ်။

“စာမေးပွဲမဖြေတဲ့ ကျောင်းသား ၆ သိန်းခွဲကပဲ စကစကိုသပိတ်မှောက်ဆန္ဒပြနေကြတာမဟုတ်ဘူး။ အဲဒီဆယ်တန်းကျောင်းသား ၆ သိန်းခွဲရဲ့ မိသားစုတွေပါ ပါတယ်လို့ အခိုင်အမာ ဆိုလို့ရတယ်။ NUG ရဲ့ အသိအမှတ်မပြုဘူးဆိုတဲ့ ပြောဆိုမှုတစ်ခုတည်းနဲ့ ဝင်မဖြေကြတာမဟုတ်ဘူး။ စစ်ကောင်စီကို ဆန့်ကျင်ရမယ်ဆိုတဲ့ စိတ်တွေနဲ့ပဲ သပိတ်မှောက်ကြတာ။”

တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၃၁ ရက်ကနေ  ဧပြီ ၉ ရက်ရက်အထိ နိုင်ငံတဝန်း အခြေခံပညာ ကျောင်းတွေမှာရှိတဲ့ စာစစ်ဌာနတွေမှာ ကျင်းပနေတာဖြစ်ပါတယ်။ 

တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်က ဖြေဆိုသူ ၄ သောင်းခွဲကျော်နဲ့ အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းက ၄ သောင်းကျော်နဲ့ ဒုတိယ၊ ရန်ကုန်တိုင်းက ၃သောင်း ၇ ထောင်ကျော်နဲ့ တတိယနေရာမှာ ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုတဲ့သူတွေကို အသိအမှတ်မပြုဘူးလို့ ကနဦးကြေညာချက်ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းကာလအတွင်း ပညာရေးနောက်မကျစေဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ "ကြားကာလပညာရေး" အစီအစဉ်တွေ ဆောင်ရွက်နေပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်မယ့် ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီ စီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနေသူတွေကို သစ္စာဖောက်လောက်ကောင်တွေအဖြစ် သတ်မှတ်လိုက်ပြီး တက္ကသိုလ်ဝင်ခွင့် လက်ခံသွားမှာ မဟုတ်ဘူးလို့ ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီက ဧပြီ ၂ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ တိုင်းပြည်အေးချမ်းတည်ငြိမ်နေတာကို ပြသချင်တာကြောင့် ပညာရေးနဲ့ပတ်သက်ပြီး တက္ကသိုလ် မဟာဘွဲ့သင်တန်းတွေကစပြီး ဖွင့်လှစ်ခဲ့ပါတယ်။ အခုနောက်ပိုင်း တက္ကသိုလ်ဝင်စာမေးပွဲကျင်းပပြီးတဲ့နောက် မေလ ၁၂ ရက်မှာ  တက္ကသိုလ်နဲ့ကောလိပ် သင်တန်းတွေနဲ့  အဝေးသင်သင်တန်းတွေ အားလုံးကိုဖွင့်လှစ်ဖို့ ကြေညာ ထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024