အကြမ်းဖက်စစ်ကောင်စီ ဝါဒဖြန့် အနုပညာရှင်တချို့ လိုက်ပါလာတဲ့ မီးရထား မိုင်းခွဲတိုက်ခိုက်ခံရမှုအပေါ် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) နဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့က ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ စစ်ကောင်စီ ဝါဒဖြန့်ချိရေး ရုပ်သံရိုက်ကူးရေးအဖွဲ့ လိုက်ပါလာတဲ့ ရထားဟာ မတ် ၂၉ ရက် ညနေက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကနေ ပြင်ဦးလွင်မြို့ဘက်ကို ထွက်ခွာလာချိန်မှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ တယောက်မှမရှိခဲ့ဘူး။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဩဇာခံ အဖွဲ့အစည်းတွေက ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေ ဆင်တူယိုးမှား ထုတ်ပြန်ချက်တွေ အပြိုင်အဆိုင်ထည့်သွင်းပြီး ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
အနုပညာရှင်တွေကို အခုလို အကြမ်းဖက်တိုက်ခိုက်တာကို ပြစ်တင်ရှုတ်ချကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးက ထုတ်ပြန်ကြေညာထားသလို ဒီအဖျက်အလုပ်ရပ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) အဖွဲ့ကလည်း ပြင်းထန်စွာ ရှုတ်ချ ကန့်ကွက်တယ်လို့ ကြေညာပါတယ်။
အလားတူ စစ်ကောက်စီဩဇာခံ သတင်းမီဒီယာကောင်စီကလည်း ဒီလုပ်ရပ်ဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေးနဲ့ စစ်မှန် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို အခြေခံခဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့ကို အထောက်အကူ မပြုတဲ့ အဖျက်အမှောင့်လုပ်ရပ်ဖြစ်တဲ့အတွက် လုံးဝ လက်မခံ ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံအနှံ့အပြား စစ်ကောင်စီတပ်တွေ နေ့စဉ် ကျူးလွန်နေတဲ့ အကြမ်းဖက် လူသတ်၊ ရွာမီးရှို့၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြည်သူလူထုတွေ ထောင်နဲ့ချီသေဆုံး သိန်းနဲ့ချီ ဒုက္ခရောက်နေတာနဲ့ ပတ်သက်လို့တော့ အဆိုပါ အဖွဲ့အစည်းတွေက တစုံတရာ ထုတ်ဖော်ပြောဆို ကြေညာခဲ့တာ မရှိပါဘူး။
မိုင်းခွဲတိုက်ခိုက်ခံရတဲ့ မီးရထားပေါ်မှာတော့ စစ်တပ်အာဏာသိမ်းတာကို ထောက်ခံဝန်းရံပြီး လူမှုကွန်ရက်တွေမှာ ဝါဒဖြန့်နေသူတွေ၊ စစ်ကောင်စီ ဝါဒဖြန့်ရုပ်သံ ရိုက်ကူးပေးမယ့် စစ်တပ်လော်ဘီ အနုပညာရှင်တွေ အပါအဝင် ၂၁ ယောက်နဲ့ အကူ ၁၂ ယောက် စီးနင်းလိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။
ဗုံးဖောက်ခွဲမှုကို PDF က လုပ်ဆောင်တာလို့ စစ်ကောင်စီက စွပ်စွဲထားပေမဲ့ ဘယ်သူ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာလဲ ဆိုတာကိုတော့ ဘယ်အဖွဲ့အစည်းကမှ အတည်ပြုထုတ်ပြန်တာ မရှိသေးပါဘူး။