သွေးထိုးလှုံ့ဆော်မှုစစ်ပွဲတပွဲ မြန်မာနိုင်ငံမှာ မပေါ်ပေါက်စေဖို့

မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်တဲ့ သွေးထိုးလှုံ့ဆော်တဲ့ စစ်ပွဲတပွဲကို အာဆီယံက မဖြစ်မနေ တားဆီးရပါမယ်။
အာဆီယံမိသားစုဝင်တွေ အားလုံးက မြန်မာနိုင်ငံအတွက် ရေရှည်အဖြေတခုကို အတူတကွ နီးနီးကပ်ကပ် မရှာနိုင်ဘူးဆိုရင် ဒေသတွင်း ရုန်းရင်းဆန်ခတ်မှုတွေကို ကိုယ့်ဘာသာကိုယ် လက်ယပ်ခေါ်နေသလို တခြားနိုင်ငံကြီးတွေက အလွယ်တကူပဲ ဝင်ပါလာနိုင်တယ်ဆိုတာ လတ်တလောမှာ ကွက်ကွက်ကွင်းကွင်း မြင်နေရတဲ့ ရုရှားနဲ့ ယူကရိန်းရဲ့ ပဋိပက္ခတွေက အဖိုးတန်သင်ခန်းစာတွေကို သင်ကြားပေးလျက်ရှိနေတာ တွေ့ရပါမယ်။ ဒါကို ယူကရိန်းပဋိပက္ခရဲ့ သဘာဝအမှန်တရားနဲ့ ပတ်သက်နေတဲ့ နိုင်ငံတွေအကြား ပြာယာခတ်နေတဲ့ သံခင်းတမန်ခင်းတွေက သက်သေထူနေပါတယ်။
အမေရိကန်နဲ့ ယူကရိန်းနဲ့ ပတ်သက်နေတဲ့ ဥပရောပနိုင်ငံတွေက စစ်ပွဲထဲ ဝင်ပါသင့်သလား၊ ဒါမှမဟုတ် လက်ပိုက်ကြည့်နေသင့်သလားဆိုတဲ့ မေးခွန်းကို ဖြေရရင် အပူတပြင်း လုပ်ဆောင်နေတဲ့ သံခင်းတမန်ခင်းတွေက မအောင်မြင်ဘဲ မြေပြင်မှာ လူသတ်လက်နက်တွေနဲ့ အဆုံးသတ်သွားခဲ့တာ တွေ့ရမှာပါ။
ဒါဟာ ယူကရိန်းနိုင်ငံထဲမှာ ဟောလိဝုဒ်စစ်ကားတကား ကြည့်နေရသလိုပါပဲ။ အရပ်သားတွေ သေဆုံးနေပြီး သူတို့ရဲ့ အိမ်တွေကို စွန့်ခွာနေခဲ့ကြရတာ ထောင်ဂဏန်းမကဘဲ သိန်းဂဏန်း ရှိနေပါပြီ။ အစဉ်အလာမဟုတ်တဲ့ အဖြစ်အပျက်အတွင်း ဒုက္ခသည် သုံးသန်းနှစ်သိန်းကျော်လောက် အကြောင်းကို ကျနော်တို့ ပြောဆိုနေကြရတာပါ။
အာဆီယံဒေသတွင်းကို ပြန်ကြည့်ရင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့နိုင်ငံတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံမှာ မနှစ်က ဖေဖော်ဝါရီလအတွင်း စစ်အာဏာသိမ်းမှုကြောင့် ဖိတ်လျှံထွက်လာတဲ့ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေကို ပခုံးထမ်းထားရပါတယ်။
ထိုင်းနိုင်ငံဆိုရင် သူ့ရဲ့ နိုင်ငံရေး စိန်ခေါ်မှုတွေကြားထဲမှာ မြန်မာ့အရေးက ဝန်ကြီးချုပ် ပရာရွတ်အစိုးရအတွက် ချောက်ကမ်းပါးစွန်းကို တွန်းပို့နေသလိုပါပဲ။ သတင်းခေါင်းကြီးပိုင်းတွေမှာတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက် ပွင့်လင်းရာသီအတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲသတင်းတွေက နေရာယူထားပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နိုင်ငံတွေထဲမှာတော့ ထိုင်းနိုင်ငံက နယ်ခြားမျဉ်းအရှည်ဆုံးနဲ့ နယ်နိမိတ်မျဉ်း မသတ်မှတ်ရသေးတဲ့ အများဆုံးနိုင်ငံပါ။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ အဲဒီနယ်စပ်တွေဟာ များပြားလှတဲ့ တောင်ပေါ်နဲ့ တောလမ်းတွေမှာ လူမှောင်ခိုနဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့ အဓိကနေရာတွေ ဖြစ်ခဲ့ပါတယ်။ အခုပွင့်လင်းရာသီမှာ ဖြစ်နေတဲ့ စစ်ဆင်ရေးတွေမှာတော့ လက်နက်မှောင်ခိုတွေလည်းပဲ ပိုပြီးများလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ထိုင်းနယ်စပ်ကင်းလှည့်ရဲတွေက အမ် ၁၆ နဲ့ အေကေ ၄၇ ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ် ၃၃ လက်၊ အမ် ၇၉ ဗုံးပစ်လောင်ချာတွေနဲ့ ပီကေ အထွေထွေဘက်စုံသုံး စက်သေနတ် အပါအဝင် ကျည်ဆန်အမြောက်အမြားကိုလည်းပဲ သိမ်းဆည်းရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံ လုံခြုံရေးအာဏာပိုင်တွေက တိုင်းရင်းသား လက်နက်ကိုင်မျိုးစုံ ထိန်းချုပ်ထားတဲ့ မလုံခြုံတဲ့ နယ်စပ်စည်းရိုးတလျှောက် နိုင်ငံခြားသားတွေ ပါဝင်တဲ့ ဗြောင်တမျိုး တိတ်တိတ်တဖုံ လှုပ်ရှားနေတဲ့ ပြဿနာတွေအတွက် စိုးရိမ်ပူပန်နေကြပါတယ်။ အဲဒီပြဿနာတွေထဲက တချို့ကတော့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ရက်စက်မှုတွေက လွတ်မြောက်လာတဲ့ လူငယ်တွေကို စစ်သင်တန်းပေးတာမှာ အဓိကအာရုံစိုက်တာ တွေ့ရပါတယ်။ သူတို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defence Forces- PDF) ရဲ့ အဖွဲ့ဝင်တွေပါ။သူတို့ထဲက အနည်းငယ်ကပဲ သူတို့ရဲ့ဓာတ်ပုံတွေကို လူမှုမီဒီယာတွေမှာ ဂုဏ်ယူဝင့်ကြွားစွာ တင်ထားကြပါတယ်။
အဲဒီလမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ခုခံစစ်တွေဟာ ကျယ်ပြန့်လာနိုင်ပြီး တဆက်တည်းမှာ တိုင်းတပါးက စစ်ရေးအရ လျှို့ဝှက်စွာ ပါဝင်လာတဲ့ အခြေအနေဆီကို ဦးတည်သွားနိုင်ပါတယ်။ အဲဒီလို စိုးရိမ်စရာတွေကြောင့် ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်တလျှောက် အထူးသဖြင့် လွန်ခဲ့တဲ့ ဒီဇင်ဘာလကထဲက လက်နက်အများဆုံး ဖမ်းမိခဲ့တဲ့ ကန်ချနာဘူရီနဲ့ ရနောင်းခရိုင်တွေမှာ လုံခြုံရေးကို တိုးမြှင့်ထားဖို့ အမှတ် ၃ စစ်ဒေသက ညွှန်ကြားထားပါတယ်။
မြန်မာနိုင်ငံမြောက်ဘက်နဲ့ အနောက်မြောက်ဘက်ပိုင်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ပြည်တွင်း နေရာရွှေ့ပြောင်းရသူ ဒုက္ခသည်တွေ ထိုင်းနိုင်ငံ အရှေ့တောင်ဘက်မှာရှိတဲ့ ထိုင်း-မြန်မာနယ်စပ်ဆီ ပိုမိုပြီး ရောက်ရှိလာမှာကို ထိုင်းအာဏာပိုင်တွေက အလွန်စိုးရိမ်နေကြပါတယ်။
အရှေ့အုပ်စုနဲ့ အနောက်အုပ်စုကြား မပြေလည်မှုတွေ မြင့်တက်နေတဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ အာဆီယံလို ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံငယ်လေးတွေနဲ့ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ အကျိုးဆက်ကနေ မျှော်မှန်းမထားတဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ကြုံလာနိုင်တဲ့အတွက် ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။
ဒီကနေ့အခြေအနေကို ကြည့်ရင် အင်အားကြီး နိုင်ငံကြီးတွေက သူတို့ကိုယ်တိုင် စစ်ပွဲထဲဝင်ပါမှာ မဟုတ်ဘူးဆိုတာ သိသာထင်ရှားနေပါတယ်။ ကိုယ်တိုင်ဝင်ပါတာထက် သူတို့ကိုယ်တိုင် ခြေချစရာမလိုတဲ့ ဒစ်ဂျစ်တယ် ခေတ်မီနည်းပညာနဲ့ ဒရုန်းလို စစ်ဘက်မဟုတ်တဲ့ ပစ္စည်းတွေကို ဖောဖောသီသီ အသုံးချပြီး စစ်ပွဲပုံစံ အမျိူးမျိုးကို ဖော်ဆောင်ကြမှာပါ။ ဒါပေမဲ့ လိုအပ်လာရင်တော့ တခြားသူတွေကို သူတို့ကိုယ်စား စစ်ပွဲမှာ အသုံးချလာမှာပါ။
ဒီလိုအခြေအနေမှာ ရက်သတ္တလေးပတ် ရှိနေပြီဖြစ်တဲ့ ရုရှား-ယူကရိန်း စစ်ပွဲကတော့ နှစ်ဖက်စလုံးက လုံခြုံရေးအရ တောင်းဆိုမှုတွေကို အာမခံနိုင်မယ်ဆိုရင် မကြာမီရက်ပိုင်းအတွင်း ပြီးဆုံးသွားနိုင်ပါတယ်။ ဒီပဋိပက္ခကို ဥရောပတခွင်မှာ ရုရှားက ဘယ်လိုကစားသွားတယ်ဆိုတာ အားလုံးမြင်နေရတာမို့ အာဆီယံအနေနဲ့ အဲဒီအပေါ်ကနေ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။ အာဆီယံကတော့ အလျှင်အမြန် ပြောင်းလဲနေတဲ့ မဟာဗျူဟာနဲ့ အနှောင့်အယှက်များတဲ့ ပတ်ဝန်းကျင်ကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။
ဒီပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကတော့ အာဆီယံဒေသမှာ နေထိုင်တဲ့သူတိုင်းရဲ့ ဘဝတွေကို ရိုက်ခတ်နေခဲ့ပါပြီ။ ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း ပဋိပက္ခ အသေးရော အကြီးပါ အလှည့်နဲ့ ကြုံခဲ့ရတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေဟာ ကံကြမ္မာကောင်းကြပါတယ်။ အခုအချိန်မှာတော့ အားလုံးသော အာဆီယံနိုင်ငံတွေဟာ အတူတကွ ငြိမ်းချမ်းမှုတွေနဲ့ ပျော်ရွှင်နေကြပါတယ်။ ဒီဒေသဟာ ကမ္ဘာမှာ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ဘာသာရေးအရ အကွဲပြားဆုံးဆိုတာ မမေ့ကြဖို့ လိုပါတယ်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နဲ့ အစ္စလမ်ဘာသာဝင်တွေ ကမ္ဘာမှာ အများဆုံး နေထိုင်နေကြတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံအားလုံးကို ကွဲပြားမှုတွေနဲ့ ဘယ်လို အတူတကွ နေထိုင်ကြမယ်ဆိုတာ တဦးဆီက တဦး သင်ကြားနိုင်ဖို့ အကောင်းဆုံး အနေအထားလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ သွေးထိုးလှုံ့ဆော်မှု စစ်ပွဲတွေကို အကောင်းဆုံး ကာကွယ်နိုင်တာကတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် ဖော်ပြီးတာနဲ့အမျှ မြန်မာအစိုးရကိုလည်း အာဆီယံမိသားစုအတွင်း ပြန်လည်ခေါ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။
ဒီတပတ်မှာပဲ အာဆီယံ အထူးသံတမန် ပရတ်ဆာခွန်း နေပြည်တော်ကို သွားရောက်လည်ပတ်ခဲ့ပြီး သက်ဆိုင်ရာ ပါဝင်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ ဒီတကြိမ်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တွေ့ဆုံမှု မပါဝင်ခဲ့ပါဘူး။ ပါဝင်ပတ်သက်နေတဲ့သူ အားလုံး အမှန်တကယ် ပါဝင်မယ့် ပြောဆိုဆွေးနွေးမှု ဖြစ်ဖို့ကတော့ သဘောထားတင်းမာတဲ့ စစ်ကောင်စီနဲ့ သူ့ကိုဆန့်ကျင်နေတဲ့သူတွေကြား အချိန်တော့ ယူရပါလိမ့်မယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေးနဲ့ ကျန်းမာရေး အကျပ်အတည်းတွေကြောင့် လာမယ့် သင်္ကြန်ပွဲတော်ကာလအတွင်း တိုက်ခိုက်မှုတွေ နေရာတချို့မှာ ရပ်တန့်နေလိမ့်မယ်လို့ မျှော်လင့်ရပြီး ထိခိုက်မှုအများဆုံး နေရာတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပို့ပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့်တော့ မြန်မာနိုင်ငံဟာ နောက်ထပ် အထီးကျန် မနေသင့်တော့ပါဘူး။
လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီဟာ ပြင်းထန်ရက်စက်တဲ့ ပြစ်မှုတွေ ပြည်သူတွေအပေါ် ကျူးလွန်ခဲ့ပြီး ဒါတွေကို အာဆီယံကရော နိုင်ငံတကာ အသိုင်းအဝန်းကပါ ပြစ်တင်ရှုတ်ချထားပါတယ်။ အနောက်နိုင်ငံတွေကတော့ အဓိကကျတဲ့ မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်းနဲ့ နိုင်ငံပိုင် စီးပွားရေးတွေကို ပစ်မှတ်ထား ပိတ်ဆို့တာတွေ လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာစစ်အစိုးရကိုတော့ သိပ်မထိခိုက်စေခဲ့ပါဘူး။ မြန်မာပြည်တွင်းက အခြေအနေတွေအပေါ်မှာ ပြင်ပပယောဂတွေ ဝင်လာပြီး အခွင့်ကောင်းယူနိုင်တဲ့ အန္တရာယ်ကလည်း မြင့်မားနေပါတယ်။ ဒါက ရေရှည်မှာ အတိုက်အခံ အင်အားစုတွေကို စွဲဆောင်နိုင်ပြီး ဆီးရီးယား၊ လစ်ဗျား၊ အာဖဂန်နစ္စတန်နဲ့ ယူကရိန်းလိုမျိုး ဖြစ်လာစေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ဆွဲဆောင်နိုင်ဖို့အတွက် အာဆီယံအနေနဲ့ အချင်ချင်းဖိအားပေးတာ၊ အာဆီယံနဲ့ ဆွေးနွေးဘက် နိုင်ငံတွေကတဆင့် ဖိအားပေးတာ၊ ဆုပေးဒဏ်ပေးစနစ်ကို သုံးတာ စတဲ့ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုရပါမယ်။
ပရတ်ဆာခွန်းရဲ့ ခရီးစဉ်ဟာ ကောင်းတဲ့ အစပျိုးမှုတခုလို့ပဲ ဆိုရမှာပါ။ ရုရှားယူကရိန်း စစ်ကြောင့် ခက်ခဲတဲ့ စီးပွားရေးအခြေအနေနဲ့ ကြုံနေရတဲ့ ကမ္ဘာကြီးမှာ မြန်မာ့စီးပွားရေးဟာ အခက်ခဲဆုံး အခြေအနေနဲ့ ကြုံရပါလိမ့်မယ်။ စစ်အစိုးရက အာဆီယံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြန်မြန်လိုက်နာလေလေ မြန်မာဟာ အာဆီယံမိသားစုတွင်း မြန်မြန်ပြန်ဝင်နိုင်ပြီး ပုံမှန်အခြေအနေ ပြန်ရောက်လေလေပဲ ဖြစ်ပါတယ်။
စာရေးသူ - ကဗီချောင်ကစ်တာဗွန်
ဘာသာပြန်သူ- အေးမင်း(တာမွေ)
(Bangkok Post သတင်းစာပါ ဝါရင့် ထိုင်းသတင်းစာဆရာ Kavi Chongkittavorn ရေးသားတဲ့ “Preventing a proxy war in Myanmar” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြခြင်း ဖြစ်သည်။)

//
More News
Up