တပ်မတော်အနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တဲ့အပေါ် စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက မတ်လ ၂၄ ရက် ဒီကနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုလိုက်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု မရှိပေမဲ့ တာ၀န်ထမ်းဆောင်တဲ့နေရာမှာ စစ်သည်တဦးချင်းစီအနေနဲ့၊ အစုအဖွဲ့အငယ်တွေအနေနဲ့ မှားယွင်းတာမျိုး ရှိကောင်းရှိနိုင်ပြီး ဒါတွေနဲ့ပတ်သက်လို့လည်း တရားဥပဒေအရ အရေးယူဆောင်ရွက်ပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်လို့ အမေရိကန်အစိုးရက အတည်ပြုသတ်မှတ်လိုက်တဲ့ အကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဘလင်ကန်က မတ် ၂၁ ရက်နေ့က ပြောကြားခဲ့တာပါ။
ဒါနဲ့ပတ်သက်ပြီး ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “တပ်မတော်တရပ်လုံးအနေနဲ့ ဂျီနိုဆိုက် ကျူးလွန်ခဲ့တာမရှိဘူး။ လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ခဲ့တာ မရှိဘူး။ ရှိစရာလည်း အကြောင်းမရှိဘူး။”လို့ပြောပါတယ်။
အခုလို အမေရိကန်ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီအနေနဲ့ လုပ်စရှိတာ ဆက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။
“ကျနော်တို့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်စရာရှိတာပဲလုပ်မယ်၊ ကန့်ကွက်စရာရှိတာ ကန့်ကွက်မယ်။ ရပ်တယ်စရာရှိတာ ရပ်တည်မယ်။ အဲဒါကို ဂရုစိုက်ပြီး လုပ်နေလို့ရှိရင်တော့ လုပ်စရာအလုပ်တောင် ရှိမှာမဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ ရပ်တည်သွားမှာကတော့ ပြည်တွင်းအင်အားကို ခိုင်မာအောင်လုပ်မယ်၊ ပြည်တွင်းအင်အားကို တည်ဆောက်မယ်။ ဒါနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
တပ်မတော်အနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တာမရှိဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စစ်ကောင်စီနိုင်ငံခြားရေးဌာနကလည်း ထုတ်ပြန်ကြေညာထားပါတယ်။
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံကလည်း မြန်မာနိုင်ငံကို တရားစွဲထားပါတယ်။