DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၈ သိန်းခွဲကျော်ရှိလာဟု ကုလထုတ်ပြန်
DVB
·
March 17, 2022
မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၈ သိန်းခွဲကျော်ရှိလာဟု ကုလထုတ်ပြန်
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမတိုင်ခင်က နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၃ သိန်း ၇ သောင်းနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၄၉၅,၃၀၀ ယောက်အပါအဝင် စုစုပေါင်း  ၈၆၅,၇၀၀ ယောက်ထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်နေပြီး အရပ်သားတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က နေရာအတော်များများဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးသုံးတိုက်ခိုက်မှုဒဏ်တွေကို ခံရပြီး အရပ်သားသေကျေဒဏ်ရာရမှု၊ တိုက်ပွဲရှောင်စွန့်ခွာ ထွက်ပြေးရမှု သတင်းတွေကိုလည်း ကြားသိနေရတယ်လို့ ဆိုပါတယ်။

တည်ငြိမ်မှုမရှိတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် မတ်လရဲ့ ပထမနဲ့ဒုတိယရက်သတ္တပတ်အတွင်း ဖာပွန်မြို့နယ်က လူဦးရေ ၇၀၀ လောက်ဟာ ကမာမောင်းမြို့နယ်နဲ့ လှိုင်းဘွဲ့မြို့နယ်တွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာလည်း မတ်လဆန်းကတည်းကဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၁၅၀ လောက်ဟာ ပလောမြို့နယ်အတွင်းမှာ တိုက်ပွဲရှောင်ထွက်ပြေးနေရ တယ်လို့ UNOCHA က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ် ၆ ရက်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ ယာယီနေထိုင်ခဲ့ကြတဲ့ လူဦးရေ ၃,၀၅၀ လောက်ဟာ လွိုင်ကော်မြို့နယ်ထဲက သူတို့မူလနေထိုင်ရာ နေရာတွေဆီ ပြန် လာခဲ့ကြတယ်လို့ ဆိုပါတယ်။

မတ် ၇ ရက်အထိ ရရှိတဲ့ ကိန်းဂဏန်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကတည်းက ဖြစ်ပွားတဲ့ ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေကြောင့် လူဦးရေ ၂၂၈,၉၀၀ လောက်ဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ ဆက်လက်တိုက်ပွဲရှောင်နေထိုင်ကြရဆဲဖြစ်ပါတယ်။

ဒီအထဲမှာ ကယားပြည်နယ်မှာ ၉၃,၈၀၀ဦး၊ ကရင်ပြည်နယ်မှာ ၆၉,၁၀၀ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၅၄,၀၀၀ဦး၊ မွန်ပြည်နယ်မှာ ၇,၅၀၀ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၃,၇၀၀ဦးနဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၈၀၀ဦးတို့ ပါဝင်နေပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013