DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ကိရိယာများ မတပ်ဆင်လိုသဖြင့် တယ်လီနောမြန်မာကုမ္ပဏီကို ရောင်းချခြင်းဖြစ်
DVB
·
March 16, 2022
ကြားဖြတ်ကိရိယာများ မတပ်ဆင်လိုသဖြင့် တယ်လီနောမြန်မာကုမ္ပဏီကို ရောင်းချခြင်းဖြစ်
Donate to DVB

တယ်လီနောမြန်မာကုမ္ပဏီကိုရောင်းချရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ အော်ပရေတာအားလုံးမှာ တပ်ဆင်ဖို့လိုအပ်တဲ့ ကြားဖြတ်ကိရိယာတွေ မတပ်ဆင်လိုတာကြောင့် ဖြစ်တယ်လို့ တယ်လီနောအုပ်စုရဲ့ ဆက်ဆံရေးဌာနအကြီးအကဲ Gry Rohde Nordhus က ဒီဗွီဘီကို ပြောပါတယ်။ 

ဒီလိုကြားကိရိယာတွေကို တပ်ဆင်တာဟာ နော်ဝေနိုင်ငံနဲ့ အီးယူတို့ရဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်နေတာဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်တဲ့ စစ်တပ်ရဲ့အမိန့်ကို အတင်းအကျပ် လိုက်နာတာမျိုးမဖြစ်စေဖို့ဖြစ်တယ်လို့  ပြောပါတယ်။

လက်ရှိမှာတော့ တယ်လီနောမြန်မာအနေနဲ့ အဆိုပါကြားဖြတ်စက်ကိရိယာတွေကို မတပ်ဆင်ရသေးသလို မိမိဆန္ဒအလျောက်လည်း လုပ်ဆောင်မှာ မဟုတ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူက  ဒီဗွီဘီကို ပြောပါတယ်။

ဘယ်ဆက်သွယ်ရေးကုမ္ပဏီမဆို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအောက်မှာ နိုင်ငံတကာ စံနှုန်းတွေကို ထိန်းသိမ်းထားနိုင်မှာ မဟုတ်ကြောင်း၊ ဒါကြောင့် တယ်လီနောမြန်မာအနေနဲ့ မြန်မာကနေ မြန်နိုင်သမျှ အမြန်ဆုံးထွက်ခွာဖို့ လိုအပ်တယ်၊ ဒါဟာ မြန်မာနိုင်ငံက မိုဘိုင်းသုံးစွဲသူတွေအားလုံးအတွက် တကယ့်ကို ဆိုးရွားတဲ့ အခြေအနေတခု ဖြစ်နေပြီး ဒီအတွက် စစ်တပ်နဲ့ အာဏာပိုင်တွေမှာသာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

တယ်လီနောမြန်မာအတွက် တခြားသောနည်းလမ်းတွေ ရွေးချယ်နိုင်ပေမဲ့ လက်ရှိတယ်လီနောကို ရောင်းချလိုက်တာနဲ့ နှိုင်းယှဉ်ရင် ပိုပြီးဆိုးဝါးတဲ့ အကျိုးဆက်တွေရှိတာ တွေ့ရကြောင်း ဥပမာအားဖြင့် တယ်လီနောက ဒေတာတွေကို ရိုးရိုးလေး ဖျက်ပစ်လိုက်နိုင်တယ်ဆိုပြီး လူတွေက အငြင်းပွားနေကြပြီး အမှန်က မြန်မာနိုင်ငံမှာ ဒေတာစီးဆင်းမှုကို နှစ်ပေါင်းများစွာထိ သိမ်းဆည်းထားဖို့ လိုအပ်တယ်လို့လည်း ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မနှစ်က စစ်အာဏာသိမ်းလိုက်ပြီးနောက်မှာ နော်ဝေးအခြေစိုက် တယ်လီနောအုပ်စုဟာ သူ့ရဲ့လုပ်ငန်းတွေကို  လက်ဘနွန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group ဆီကို ရောင်းချမယ်လို့ ကြေညာခဲ့ပါတယ်။

တယ်လီနောမြန်မာရဲ့ ဆက်သွယ်ရေးလုပ်ငန်းကို ရောင်းချမယ့်အစီအစဉ်ဟာ သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးလျှို့ဝှက်ချက်တွေကို ချိုးဖောက်မယ့် အန္တရာယ် ဖြစ်စေနိုင်တယ်လို့ဆိုပြီး တယ်လီနော သုံးစွဲသူတယောက်က နော်ဝေးနိုင်ငံရဲ့ အချက်အလက်ကာကွယ်ရေး အာဏာပိုင်အဖွဲ့ဆီ မကြာသေးခင်လပိုင်းက တိုင်ကြားထားပါတယ်။

တိုင်ကြားစာထဲမှာတော့ တယ်လီနောက သိမ်းဆည်းထားတဲ့ အချက်အလက်တွေမှာ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ID နံပါတ်၊ မက်ဆေ့ချ်တွေနဲ့ တယ်လီနော သုံးစွဲသူတွေရဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေ ပါဝင်နေကြောင်းနဲ့ တယ်လီနောမြန်မာရဲ့တယ်လီကွန်းလုပ်ငန်းကို ဝယ်ယူတဲ့ ကုမ္ပဏီဟာ တယ်လီနောကဲ့သို့ ကိုယ်ရေးကိုယ်တာ အကာအကွယ်တွေ အဆင့်တူညီမှာ မဟုတ်ကြောင်း ဖော်ပြထားပြီး ဒီရောင်းချမှုကို စုံစမ်းစစ်ဆေးပေးဖို့နဲ့ ထိခိုက်ခံရသူတွေရဲ့ အချက်အလက်ဆိုင်ရာ အခွင့်အရေးတွေကို မထိပါးစေရေး  သေချာစေဖို့ တောင်းဆိုထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာနိုင်ငံမှာရှိတဲ့ နော်ဝေဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော-မြန်မာရဲ့ ဝန်ထမ်း အကြီးအကဲတချို့ကို နိုင်ငံတွင်းကနေ ထွက်ခွာခွင့် မပြုတော့ကြောင်း မကြာသေးခင်က နော်ဝေသတင်းတွေမှာ ဖော်ပြခဲ့တာပါ။

ဒါနဲ့ ပတ်သက်ပြီးလည်း  ဆက်ဆံရေးဌာနအကြီးအကဲ  Gry Rohde Nordhus က “တယ်လီနောအနေနဲ့ ဝန်ထမ်းတွေကို တန်ဖိုးထားသလို သူတို့ရဲ့ လုံခြုံရေးကိုလည်း အလေးထားပြီး တယ်လီနောအတွက် ဘယ်ဝန်ထမ်းမဆို သူတို့ရဲ့ အသက်အန္တရာယ်ကို မစွန့်စားသင့်သလို ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်အောင် လုပ်သွားမှာမဟုတ်ဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းကတည်းက နိုင်ငံရပ်ခြားက ဝန်ထမ်းတွေကို တိုင်းပြည်က ထွက်သွားဖို့ လုပ်ဆောင်ခဲ့ကြောင်း သူတို့ထဲကမှ အများအပြားကိုတော့ ထွက်သွားအောင် လုပ်နိုင်ခဲ့ပေမဲ့ ထွက်သွားဖို့ ငြင်းဆန်တဲ့ နော်ဝေနိုင်ငံသားတဦး အပါအဝင် တချို့ဝန်ထမ်းတွေတော့ ကျန်ရှိနေသေးပြီး အဲဒီအတွက် နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့လည်း ဆွေးနွေးနေကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ နွေရာသီကတည်းက တယ်လီနောမြန်မာကုမ္ပဏီရဲ့ တန်ဖိုးကို ဇီးရိုးထိ ထားရှိခဲ့ပြီး အမြတ်ငွေ ထည့်သွင်းတွက်ချက်တာမျိုး မလုပ်တော့ဘဲ မသေချာ မရေရာတဲ့ အခြေအနေတွေကြောင့် ပဋိပက္ခတွေ၊ စီးပွားရေး အကျပ်အတည်းတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ အခြေအနေမှာ မြန်မာနိုင်ငံကနေ ဘာမှ ပြန်လည်ရရှိနိုင်တော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

တယ်လီနောဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း သူ့ရဲ့ ငွေကြေးနည်းပညာကုမ္ပဏီ Wave Money ကို သူ့ရဲ့အဓိက လုပ်ငန်းပါတနာ Yoma Strategic Holdings ကို ရောင်းချကြောင်း ကြေညာခဲ့ပါတယ်။တယ်လီနောအုပ်စုဟာသူ့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တယ်လီကွန်းလုပ်ငန်းကို မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတခုကို ရောင်းချဖို့ စီစဉ်နေပြီး ဒါဟာ တရားမဝင် လူသတ်စစ်ကောင်စီကို ကြွယ်ဝချမ်းသာစေမှာဖြစ်သလို သုံးစွဲနေတဲ့ မြန်မာပြည်သူ ၁၈ သန်းရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို စစ်ရာဇဝတ်ကောင်တွေ လက်အတွင်းသို့ ကျရောက်စေမယ့် အန္တရာယ်ရှိနေတယ်လို့ Justice For Myanmar အဖွဲ့က  ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013