DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ပွဲကြောင့် လူငယ်များ ထိခိုက်နစ်နာ
DVB
·
February 24, 2014
ကချင်စစ်ပွဲကြောင့် လူငယ်များ ထိခိုက်နစ်နာ
Donate to DVB

ကချင်ပြည်နယ်ထဲမှာ ငြိမ်းချမ်းရေးမရရှိသေးဘဲ စစ်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် အနာဂတ်မှာ ခေါင်းဆောင် ဖြစ်လာမယ့် လူငယ်တွေ ထိခိုက်နစ်နာနေရတယ်လို့ ကချင်ပြည်နယ်လုံးဆိုင်ရာ လူငယ်များဖိုရမ်က ပြောပါတယ်။

10109_724040850950823_1035705624_nဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၃ ရက်နေ့ထိ မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ကချင်ပြည်နယ်လုံးဆိုင်ရာ လူငယ်များဖိုရမ်မှာ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး မရသေးတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ကချင်လူငယ်တွေက အလေးထား ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ကချင်ဒေသမှာ တိုက်ပွဲတွေ ကာလရှည်ကြာ ဆက်လက် ဖြစ်ပွားနေတဲ့ အကျိုး ဆက်အဖြစ် လူငယ်တွေဟာ လွတ်လပ်မှုတွေ ဆုံးရှုံးနေသလို ပညာရေး၊ စီးပွားရေး အစရှိတဲ့ ပြဿနာတွေပါ တွေ့ကြုံနေရတယ်လို့ ကချင်ပြည်နယ်လူငယ်ကွန်ရက်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဂျာရုံက ဒီဗွီဘီကို ပြောပါတယ်။

“ငြိမ်းချမ်းရေးတခုကြောင့် အားလုံးကို လာပြီး ဂယက်ထိတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ပညာရေးသော် လည်းကောင်း၊ စီးပွားရေးသော် လည်းကောင်း၊ လူငယ်ကဏ္ဍ လှုပ်ရှားမှုတွေမှာ အခက်အခဲတွေ ရှိစေတယ်၊ ငြိမ်းချမ်းရေး မရတာကြောင့် ကချင်ပြည်နယ်ကြီး ဖွံ့ဖြိုးမှုနှေးကွေးနေတယ်လို့ ကျနော်တို့ မြင်တယ်။ ပညာမတတ်တော့ အနာဂတ်ရဲ့ ခေါင်းဆောင် ဖြစ်လာဖို့ အားနည်းတယ်၊ ပညာမတတ်တဲ့ ခေါင်းဆောင်တွေ အနာဂတ်မှာ ဦးဆောင်မှာကို ကျနော်တို့ မဖြစ်စေချင်ဘူး။”

ပညာမရှာနိုင်လို့ ကချင်လူငယ်တွေအတွက် အလုပ်အကိုင် ရှားပါးတာ၊ ၀င်ငွေနည်းတာနဲ့ မိသားစု စားဝတ်နေရေး ခက်ခဲတာ စတဲ့ ပြဿနာတွေ ဖြစ်လာစေတယ်လို့လည်း ကချင်လူငယ်တွေက ပြောပါတယ်။

ကချင်ပြည်နယ်လုံးဆိုင်ရာ ဖိုရမ် ဖြစ်မြောက်ရေးကော်မတီဝင်တဦးဖြစ်သူ လွမ်းဇောင်းက လည်း ကချင်ပြည်နယ်ထဲမှာ မူးယစ်ဆေးဝါးပြဿနာ၊ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးခံရတဲ့ အခြေအနေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပြဿနာတွေလည်း ဆွေးနွေးခဲ့ကြောင်း ဖြည့်စွက် ပြောသွားပါတယ်။

“ကချင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအခြေအနေက တင်းမာနေတော့ လူငယ်တွေ အခွင့်အလမ်းကို ထိခိုက်တယ်၊ ကျနော်တို့ဆီမှာ မူးယစ်ဆေးဝါး သုံးစွဲမှုလည်း အင်မတန် များပြားနေတယ်။ တိုးပွားလာတယ်။ ပညာရေးအခြေအနေလည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်။ တိုက်ပွဲတွေ ရှိတော့ လွတ်လပ်စွာ သွားလာပိုင်ခွင့် ဆုံးရှုံးတယ်။ သတင်းအချက်အလက်တွေ ရဖို့လည်း ခက်ခဲတဲ့ဆိုတဲ့ အကြောင်းတွေ ဆွေးနွေးပါတယ်။”

ဒီပြဿနာ အခက်အခဲတွေကို လာမယ့် မတ်လဆန်းပိုင်း မွန်ပြည်နယ် မော်လမြိုင်မှာ ကျင်းပဖို့ ရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များညီလာခံမှာ ကချင်ပြည်နယ်ကိုယ်စား တင်ပြသွားဖို့ လူငယ်ကိုယ်စားလှယ် ၁၇ ဦးကို ရွေးချယ်ထားပါတယ်။

ရှေ့အနာဂတ်မှာ ကချင်ပြည်နယ်ခရိုင် ၄ ခုထဲမှာ ရှိတဲ့ မတူကွဲပြားတဲ့ အဖွဲ့အစည်း၊ မျိုးနွယ် အသီးသီးက လူငယ်အချင်းချင်း ချိတ်ဆက် ပူးတွဲပြီး လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ကချင်ပြည်နယ်တွင်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိရေး တထောင့်တနေရာကနေ ပါဝင်ဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြတယ်လို့လည်း သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ကချင်ပြည်နယ်လုံးဆိုင်ရာ လူငယ်များ ဖိုရမ်မှာ ကချင်ပြည်နယ် မြစ်ကြီးနား၊ ပူတာအို၊ မိုးညှင်းနဲ့ ဗန်းမော် စတဲ့ ခရိုင် ၄ ခုက လူငယ်တွေ၊ စစ်မက်ဖြစ်ပွားရာ ဧရိယာအနီးနေထိုင်သူ လူငယ်တွေပါ စုစုပေါင်း ၁၀၀ လောက် တက်ရောက် ဆွေးနွေးဖလှယ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013