
အာဆီယံ အရပ်ဘက် လူမှုအဖွဲ့အစည်း ညီလာခံ/ အာဆီယံ ပြည်သူ့ ဖိုရမ် (ACSC/APF) မှာ မြန်မာအပါအ၀င် ဒေသတွင်းနိုင်ငံတွေက အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အနေနဲ့ အာဆီယံ ခေါင်းဆောင်တွေ မျက်နှာစုံညီ တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။
အရင်နှစ် ဘရှုနိုင်းနိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်က မျက်နှာစုံညီ ဆွေးနွေးပွဲကျင်းပဖို့ ပျက်ကွက်ခဲ့ပေမယ့် ဒီနှစ် မြန်မာက အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာ ချိန်မှာတော့ ပြန်လည်ကျင်းပဖို့ကြောင်း (ACSC/APF ) အဖွဲ့ဝင် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့ဝင် ညှိနှိုင်းရေးမှူး ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ မျက်နှာစုံညီ ဆွေးနွေးပွဲကို တက်ရောက်မယ့် ကိုယ်စားလှယ်တွေကို လွတ်လပ်စွာ ရွေးချယ် စေလွှတ်ခွင့်ရဖို့နဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အဓိပ္ပာယ်ရှိတဲ့ အပြန်အလှန် ဆွေးနွေးမှုမျိုးဖြစ်ဖို့ အာဆီယံခေါင်းဆောင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေအကြား အပြန်အလှန် လေးစားဖို့ ဆိုတဲ့ မူဝါဒတွေ အစိုးရတွေကို တင်ပြဖို့ ရှိနေတယ်လို့ သူက ပြောပါတယ်။
ဒီအစည်းအဝေးတက်မယ့် အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်တွေကို သက်ဆိုင်ရာ နိုင်ငံအစိုးရက တားမြစ်ကန့်ကွက်တာတွေ၊ တင်ပြလိုတဲ့ အကြောင်းအရာတွေကို ကန့်သတ် တာတွေ၊ အစိုးရကိုယ်စားပြု အရပ်ဘက် အဖွဲ့အစည်းက ကိုယ်စားလှယ်တွေကို တက်ရောက် စေတာ စတဲ့ ကန့်သတ်မှုတွေကို အရင်က နှစ်စဉ် ကြုံတွေ့ခဲ့ရတာပါ။
မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူပြီးတဲ့နောက် အာဆီယံ ထိပ်သီးဆွေးနွေး ပွဲတွေ မစတင်ခင် ACSC/AFP ဆွေးနွေးပွဲတွေကို မတ်လ ၂၁ကနေ ၂၃ ရက်နေ့အထိ ရန်ကုန်မြို့မြန်မာကောင်ဗင်းရှင်း စင်တာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ လုပ်ဆောင်တာ ဖြစ်တဲ့အတွက် အတွေ့အကြုံ မရှိတာ ကြောင့် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာတွေကိုလည်း စဉ်းစားရတာတွေ ရှိနေတယ်လို့ အာဆီယံ လူမှု အဖွဲ့အစည်း ညီလာခံ/ အာဆီယံ ပြည်သူ့ ဖိုရမ် ဦးဆောင်ကော်မတီက ဥက္ကဋ္ဌ ဒေါ်မေမေပြုံးက ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၅၀၀ လောက် တက်ရောက်ပြီး အာဆီယံ ၁၀ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ကိစတွေကို အဓိကထား ဆွေးနွေးဖို့ရှိနေတယ်လို့ သူက ရှင်းပြပါတယ်။
ဒီအလုပ်ရုံဆွေးနွေးက ထွက်လာတဲ့ ရလဒ်တွေကို ထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီး အာဆီယံ ခေါင်းဆောင်တွေဆီ ပေးပို့သွားမယ်လို့ ဆိုပါတယ်။
၂၀၀၅ ခုနှစ် မလေးရှားနိုင်ငံမှာ စတင်ပြီး အာဆီယံဒေသတွင်းရှိ ဒေသတွေအားလုံးက အရပ်ဘက်လူမှုအဖွဲ့အစည်းအမျိုးမျိုးရဲ့ အသံတွေကိုစုစည်းတင်ပြနိုင်ဖို့ အာဆီယံ အရပ်ဘက်လူမှုအဖွဲ့ အစည်းညီလာခံ/ အာဆီယံလူထုဖိုရမ်ကို ကျင်းပခဲ့တာပါ။
မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ ရာထူးကို လက်ခံရယူခဲ့ပြီးတဲ့နောက် ဒီဆွေးနွေးပွဲ ကျင်းပရေးဟာ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တာဝန်ဖြစ်လာခဲ့တာပါ။
ဒီမျက်နှာစုံညီအစည်းအဝေးဟာ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တွေ့ဆုံဖို့အတွက် ကြုံတောင့်ကြုံခဲအခွင့်အရေးတခုလည်း ဖြစ်ပါတယ်။
အသံဖိုင်နားဆင်ရန်











