DVB Logo
Home
မြန်မာသတင်း
ဝ တပ်ဖွဲ့ နေပြည်တော် သွားမည်
DVB
·
February 24, 2014
ဝ တပ်ဖွဲ့ နေပြည်တော် သွားမည်
Donate to DVB

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) အဖွဲ့ဟာ  လာမယ့်သီတင်းပတ်အတွင်း နေပြည်တော်ကို ပထမဆုံးအကြိမ် သွားရောက်ပြီး ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုအစီအစဉ်မှာ ပူးပေါင်း ပါဝင်ဖို့ ရှိနေပါတယ်။

uwsaလာမယ် မတ် ၁ ရက်နေ့မှာ ကျင်းပမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေး စည်းရုံးလှုံ့ဆော်ပွဲကို  တက်ရောက်ဖို့  နေပြည်တော်ကို သွားရောက်မယ်လို့  ၀ တပ်ဖွဲ့ရဲ့ ပြောခွင့်ရ ဦးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ကို နေပြည်တော်ကို ဖိတ်ပါတယ်။  ၁ ရက်နေ့မှာ သန်းခေါင်စာရင်း ကောက်ယူရေးနဲ့ ပတ်သက်တဲ့ အခမ်းအနားတခုပါ။ ရက် ၃၀ အလို ကြိုပြီးတော့ လှုံ့ဆော်တဲ့ အခမ်းအနားပေါ့။ သန်းခေါင်စာရင်း ကောက်ဖို့ရာ ဒေသမှာ ကျနော်တို့က သဘောတူပြီးသား၊ လက်ခံပြီးသား၊ ပြင်ဆင်ပြီးသားတွေပဲ။ ကျနော်တို့ဘက်က ခေါင်ဆောင်ပိုင်း ၇ ဦး၊ ၈ ဦးလောက် တက်မယ်။ အဖွဲ့ဝင်တွေနဲ့ ဆိုရင်တော့ ၁၇ ဦး၊ ၁၈ ဦးလောက် ပါလိမ့်မယ်။”

ဝတပ်ဖွဲ့အနေနဲ့   ၅ နှစ်တာကာလအတွင်း နေပြည်တော်ကို  ပထမဆုံးအကြိမ် သွားရောက်မယ့် ခရီးစဉ် ဖြစ်ပြီး ခရီးစဉ်အတွင်းမှာ  အစိုးရ ထိပ်ပိုင်းခေါင်း ဆောင်တွေအပါအ၀င် တွေ့သင့်တွေ့ထိုက်တဲ့ပုဂ္ဂိုလ်တွနဲ့လည်း သီးခြား တွေ့ဆုံလိုတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ်ဝင်းမြင့်နဲ့ တာဝန်ရှိသူ ၈ ဦး ၀ တပ်ဖွဲ့ (ယူဒဗလျူအက်စ်အေ) ဌာနချုပ် ပန်ဆန်းကို ရောက်လာပြီး သန်းခေါင်စာရင်းကိစ္စ လာရောက် ဆွေးနွေးခဲ့ကြပါသေးတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ်  ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုတွေကို လာမယ့် မတ် ၃၀ ရက်နေ့က ဧပြီ ၁၀ ရက်ထိ ကောက်ယူဖို့ အစိုးရက စီစဉ်ထားတာ ဖြစ်ပါတယ်။

ဝ ဒေသမှာတော့ သန်ခေါင်စာရင်းကောက်ယူရေးကို လာမယ့် မတ် ၁၅ ရက်နေ့ စတင် ကောက်ယူမှာ ဖြစ်ပြီး အစိုးရဘက်က စေလွှတ်သူတွေနဲ့ ပူးပေါင်း ကောက်ယူမှာဖြစ်တဲ့အတွက် ပြဿနာအခက်အခဲ ကြီးကြီးမားမား မရှိနိုင်ဘူးလို့ ၀တပ်ဖွဲ့ ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဒါပေမယ့်   ၀တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြန်မာ့အရေး လေ့လာသူ  ဦးအောင်ကျော်ဇောက   ၀ဒေသမှာ တဘက်နိုင်ငံက တရုတ်နိုင်ငံသားတွေ အများအပြား အမြဲ ၀င်ထွက်သွားလာနေထိုင်နေတဲ့အတွက် တိုင်းရင်းသားဦးရေစာရင်း အမှန်ရဖို့ ခက်တယ်လို့ ပြောပါတယ်။

“တရုတ်-မြန်မာနယ်စပ်မှာ တရုတ်တွေ ၀င်ရောက်မှုက အထူးသဖြင့် ၈၉ နောက်ပိုင်းမှာ တအား များတယ်လေ။  မြန်မာအစိုးရနဲ့ ၀တွေရဲ့ ဆက်ဆံရေးကလည်း သူက အင်မတန်မှ ကောင်းအောင် လုပ်နေတယ်။ ၀ ကို အများကြီး အလိုလိုက်ထားရတာ ရှိတယ်။ အလိုလိုက် ထားတော့ သူတို့ဒေသဆိုင်ရာက ပေးတဲ့ စာရင်းဇယားပေါ် မူတည်ပြီးတော့ သူ့တို့က ကောက်ရမယ် ထင်တယ်၊ ၀ ဘက်က ပေးမယ့် စာရင်းဇယားကိုပဲ အစိုးရက လက်ခံဖို့ ဖြစ်နေတယ်။  အဲဒါဆိုရင်တော့ တိကျတဲ့ တိုင်းရင်းသား သန်းခေါင်စာရင်းအမှန်တော့ ရမယ် မထင်ဘူးဗျ။”

ဝ ဒေသထဲမှာ တိုင်းရင်းသားလူမျိုး စုစုပေါင်း ၁၄ မျိုးလောက် နေထိုင်ပြီး လူဦးရေ ၄ သိန်း ခွဲလောက်ရှိ မယ်လို့ ယူဒဗလျူအက်စ်အေက  ခန့်မှန်းထားပါတယ်။

ဝတပ်ဖွဲ့(ယူဒဗလျူအက်စ်အေ)ဟာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် ၂၀၀၈ အခြေခံဥပဒေအရ ရှမ်းပြည်နယ်ထဲက ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ မက်မန်းနဲ့ ပန်ဆန်းစတဲ့ မြို့နယ် ၆ ခုကို အထူးဒေသ ၂ အဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာ ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် ဟွေအောမှာ  တောင်ပိုင်းတပ်စခန်းပါ တိုးချဲ့ပြီး နေထိုင်ခဲ့ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013