တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ကံပေါက်ဒေသ၊ ဖောင်းတောကျေးရွာအုပ်စုမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ ကျင်းပနေတဲ့ လောင်းကစားဝိုင်း တခုမှာ မတ် ၁၁ ရက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဆိုပါလောင်းကစားဝိုင်းကို ပြုလုပ်နေတာ ၃ ရက်ရှိပြီဖြစ်ပြီး မနေ့ညပိုင်းက အခုလို ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါပေါက်ကွဲမှုနဲ့ ပတ်သက်လို့ လောင်းကစားသမားတွေ ထိခိုက်ဒဏ်ရာရမှု အခြေအနေကို တော့ သီးခြား အတည်ပြုနိုင်ခြင်းမ ရှိသေးပါဘူး။
ကံပေါက်ဒေသအတွင်း လောင်းကစားဝိုင်းတွေမှာ ဗုံးပေါက်ကွဲတာ ၃ ကြိမ်ရှိပြီဖြစ်ပြီး အရင် ၂ ကြိမ်ကိုတော့ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲက ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အခု တကြိမ်ကိုတော့ ဘယ်အဖွဲအစည်းက ဆောင်ရွက်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
ကံပေါက်ဒေသမှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေအဖြစ် တဖက်တလမ်းက ငွေရှာပေးနေတဲ့ လောင်းကစားဝိုင်းတွေအနီးအနားကို မသွားကြဖို့ ကံပေါက်ဒေသ ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။