DVB Logo
Home
မြန်မာသတင်း
မြစ်ငယ် CDM ဝန်ထမ်းများအား အိမ်ငှားထားပါက ချိပ်ပိတ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
DVB
·
March 10, 2022
မြစ်ငယ် CDM ဝန်ထမ်းများအား အိမ်ငှားထားပါက ချိပ်ပိတ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
1 / 4
Donate to DVB

မန္တလေးတိုင်း ၊မြစ်ငယ်မြို့မှာ CDM မီးရထားဝန်ထမ်းတွေနဲ့ ပြည်သူတွေကို နှင်ထုတ်နေပြီး CDM ဝန်ထမ်းတွေကို အိမ်ငှားထားပါက ငှားရမ်းတဲ့ နေအိမ်တွေကို ချိပ်ပိတ်မယ်ဆိုပြီး စစ်ကောင်စီက မတ် ၇ ရက်နေ့ကစပြီး အသံချဲ့စက်နဲ့ လိုက်လံကြေညာ ခြိမ်းခြောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြစ်ငယ်မြို့မှာ မီးရထားဝန်ထမ်းလိုင်းခန်းတွေနဲ့ ပြည်သူနေအိမ် စုစုပေါင်း ၅၀၀၀ နီးပါးရှိပြီး CDM ဝန်ထမ်းတွေလည်း လိုင်းခန်းကနေ ဖယ်ရှားပေးရရုံမက ပြည်သူတွေရဲ့ နေအိမ်တိုက်တာတွေကိုပါ သတ်မှတ်ရက်အတွင်း ဖယ်ရှားပေးဖို့ အတင်းအဓမ္မ ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မြို့အတွင်းမှာလည်း စစ်ကောင်စီတပ်တွေ တပ်စွဲထားပြီး ပိတ်ဆို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

CDM မီးရထားဝန်ထမ်းတဦးက “CDM လုပ်ပြီးတော့ အငှားလာနေတဲ့အိမ်ဆိုရင် ချိပ်ပိတ်မှာတဲ့၊ အဲ့လို မိုက်ကြီးတွေနဲ့အော်တာ။ CDM လုပ်တဲ့ဟာတွေကို ခိုအောင်းမှာစိုးလို့ဆိုပြီးတော့ အကုန်ရှင်းတာ။ အခုလူတွေကလည်း နေစရာတွေက ခက်ခဲပြီး ဒုက္ခတွေ တအားရောက်တဲ့ခါကျတော့ သုံးပုံ ပုံနှစ်ပုံလောက်က ဝင်ကုန်ကြပြီ၊ တပုံလောက်ရှိတော့တာ” လို့ ပြောပါတယ်။

CDM ဝန်ထမ်းတွေကို လိုင်းခန်းကနေ ဖယ်ရှားဖို့ ပြီးခဲ့တဲ့လကတည်းက သတိပေးနေတာဖြစ်ပြီး လိုင်းခန်းကနေဆင်းကာ တောထဲတောင်ထဲမှာ ဖြစ်သလို သွားရောက်နေထိုင်နေကြတဲ့ မိသားစုတွေကိုပါ လိုက်လံခြိမ်းခြောက်ဖယ်ရှားခိုင်းနေတယ်လို့ သိရပါတယ်။ 

အဲ့ဒီအတွက် CDM ဝန်ထမ်းအများအပြားဟာ အလုပ်ပြန်ဝင်ဖို့ ခံဝန်ရေးထိုးကာ လိုင်းခန်းတွေမှာ ပြန်နေ နေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဧည့်စာရင်းတိုင်ခိုင်းတာ၊ စစ်ကောင်စီဘက်ကို သတင်းပို့တာတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

မြစ်ငယ်မြို့ခံတဦးက “CDM လုပ်တဲ့သူတွေတင် မဟုတ်ဘူး၊ တမြို့လုံးကို မောင်းထုတ်တဲ့သဘောမျိုး။ ဝန်ထမ်းလိုင်းခန်းရယ်၊ အဓိကကတော့ Public နေရာတွေ၊ ဥပမာ ကျောင်းတို့၊ ဈေးတို့ အဲ့ဒါပဲ ထားတာ။ ကျန်တဲ့ ဝန်ထမ်းလိုင်းခန်းရယ်၊ ဒါပဲ။ ကျန်တဲ့ဟာတွေဆို မထားဘူး၊ အဲ့သဘောမျိုးလုပ်တာ” လို့ ပြောပါတယ်။

မြစ်ငယ်မြို့မှာ ရပ်ကွက် ၁၃ ခုရှိပြီး အိမ်ခြေ ငါးထောင်ကျော်နဲ့ လူဦးရေ ငါးသောင်းနီးပါးရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

မန္တလေးခရိုင်အတွင်း လမ်းနယ်၊ မြောင်းနယ်၊ မီးရထားပိုင် နယ်မြေ၊ လျှပ်စစ်ဓာတ်အားလိုင်း နယ်မြေ၊ အစိုးရဌာနဆိုင်ရာမြေ၊ ပုဂ္ဂလိကမြေနေရာတွေမှာ ဥပဒေနဲ့ ညီညွတ်မှုမရှိ၊ တရားဝင်ပိုင်ဆိုင်ခွင့်မရှိသူတွေက တရားမဝင်ကျူးကျော်နေထိုင်နေတယ်ဆိုပြီး မြို့နယ်ကျူးကျော်ရှင်းလင်းရေး ကော်မတီတွေဖွဲ့ကာ ပြည်သူအမြောက်အမြားရဲ့ နေအိမ်တွေကို အတင်းအဓမ္မ အင်အားသုံးဖယ်ရှားနေကြတာလည်း ဖြစ်ပါတယ်။

မြစ်ငယ်မြို့အတွင်းမှာတော့ ဝန်ထမ်းလိုင်းခန်းတွေပဲ ထားရှိမှာဖြစ်ပြီး လိုင်းခန်းတွေမှာ အဖီမချဖို့၊ ဘေးတွဲ အဆောက်အဦ မဆောက်ဖို့နဲ့ လိုင်းခန်းပေါ်မှာပဲ နေကြဖို့ အမိန့်ပေးထားတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013