Home
မြန်မာသတင်း
ဒီမိုကရေစီအရေး ကြိုးပမ်းနေကြသည့် မြန်မာအမျိုးသမီးများကို နိုင်ငံတကာသံရုံးများ ဂုဏ်ပြု
DVB
·
March 8, 2022

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ အမျိုးသမီးတွေအပါအဝင် ဒီမိုကရေစီအရေး ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာအမျိုးသမီးတွေကို ချီးကျူးဂုဏ်ပြုကြောင်း ဒီကနေ့ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ရန်ကုန်အခြေစိုက် သံရုံးအသီးသီးက ထုတ်ပြန်ထားပါတယ်။

အိန်ဂျယ် ကြယ်စင်၊ မြသွဲ့သွဲ့ခိုင်နဲ့  ခင်မျိုးချစ်တို့အပါအဝင် လွန်ခဲ့တဲ့တစ်နှစ်အတွင်း ကြွေလွင့်ခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အားလုံးကို မိမိတို့ အောက်မေ့ဂုဏ်ပြုတဲ့အကြောင်း  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ကြေညာပါတယ်။

မြန်မာနိုင်ငံအတွင်း အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီစနစ်အတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်နေကြတဲ့ ရဲဝံ့တဲ့ အမျိုးသမီးတွေအားလုံးကို  ချီးကျူးဂုဏ်ပြုတယ်လို့လည်း ဆိုပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ(အီးယူ)ကတော့ ပဋိပက္ခဒဏ်ခံဒေသတွေမှာ ကျား၊ မ အခြေပြု အကြမ်းဖက်မှုစတွေထက် ပိုမိုထိခိုက်လွယ်တဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် ရပ်တည် ပြောဆိုခြင်းတခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ ထုတ်ပြန်ပါတယ်။

အီးယူအနေနဲ့ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အရေးကိစ္စတွေ၊ တားဆီးကာကွယ်ရေး မဟာဗျူဟာတွေနဲ့ စပ်လျဉ်းပြီး အသိပညာပေးမယ့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှတဆင့် ကျယ်ပြန့်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ရာမှာ ပါဝင်ဖြည့်ဆည်းပြီး အဲဒီလို အကြမ်းဖက်ခံခဲ့ရတဲ့ ရှင်ကျန်သူတွေအတွက် ပံ့ပိုးကူညီရတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒိန်းမတ်သံရုံးကတော့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ဦးဆောင်လမ်းပြနေတဲ့ မြန်မာ အမျိုးသမီးတွေနဲ့အတူ ဒိန်းမတ်နိုင်ငံက ရပ်တည်နေကြောင်းနဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ မီဒီယာလွတ်လပ်ခွင့်နဲ့ တိုင်းရင်းသားလူမျိုးတွေအရေးကို မြှင့်တင်ဖို့ ကြိုးပမ်းအားထုတ်နေကြတဲ့ ဦးစီးဦးဆောင် အမျိုးသမီးတွေအ‌ကြောင်းကို အခုတပတ်မှာ တင်ပြသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေဟာ ဘက်လိုက်မှု၊ ပုံသေကားချပ်သတ်မှတ်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်တာမို့ တန်းတူညီမျှမှုအတွက် ဆောင်ရွက်ဖို့ အားလုံးမှာ တာ၀န်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးကတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ နိုင်ငံရဲ့ အနာဂတ်အတွက် မိမိတို့ရဲ့ မျှော်လင့်ချက်တွေကို ဖော်ပြဖို့ အခြေခံအခွင့်အရေးတွေ ကျင့်သုံးနေကြတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ ကြိုးပမ်းအားထုတ်မှုကို ဂုဏ်ပြုလိုက်ကြောင်း ထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အရပ်ဘက် အဖွဲ့အစည်းတွေက ဦးဆောင်သူတွေ၊ ပြည်သူ့ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ အနုပညာရှင်တွေအဖြစ် ရှေ့တန်းက ရပ်တည်နေကြပြီး ကို ဗစ်-၁၉ ရောဂါ တုံ့ပြန်ဆောင်ရွက်ရေး မျက်နှာစာမှာလည်း အမျိုးသမီးတွေ ရှိနေကြတယ် လို့ ဆိုပါတယ်။

နော်ဝေသံရုံးအနေနဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ၊ မိန်းကလေးတွေနဲ့ တသားတည်း ရပ်တည်ကာ သူတို့ရဲ့အသံတွေကို နားထောင်ပြီး လူတိုင်းအတွက် လူ့အခွင့်အရေးရရှိရေး သူတို့ရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်အောင် ဆက်လက်ပံ့ပိုးကူညီသွားမယ့် ဆုံးဖြတ်ချက်ကို လေးလေးနက်နက် ကိုင်စွဲထားကြောင်းလည်း အသိပေးထားပါတယ်။

ဆွီဒင်သံရုံးကတော့ အမျိုးသမီးတွေရဲ့ တန်းတူညီမျှအခွင့်အရေးဟာ အဓိကဦးစားပေးအဖြစ် ဆက်ရှိနေပြီး ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ငြိမ်းချမ်းရေးအတွက် ရုန်းကန်လှုပ်ရှား ကြိုးပမ်းနေကြတဲ့ မြန်မာအမျိုးသမီးတွေနဲ့အတူ ဂုဏ်ယူစွာအတူရပ်တည်တယ်လို့ ကြေညာပါတယ်။

အလားတူ ကနေဒါသံရုံးကလည်း မြန်မာနိုင်ငံမှာ ပိုမိုကောင်းမွန်ပြီးငြိမ်းချမ်းတဲ့ နိုင်ငံဖြစ်လာစေရန် ဆောင်ရွက်ကြမယ့် အနာဂတ်အမျိုးသမီးခေါင်းဆောင်တွေ ပေါ်ထွက်လာရေး ဆောင်ရွက်နေကြတဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့ မြန်မာအမျိုးသမီးတွေနဲ့ အတူတကွ အလုပ်လုပ်ရတာကို ဂုဏ်ယူတဲ့အကြောင်း ဒီကနေ့ ထုတ်ပြန်ကြေညာထားပါတယ်။

Photo- US Embassy

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024