Home
မြန်မာသတင်း
မတ္တရာမြို့နယ်၌ လူငယ် ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး ပစ်သတ်
DVB
·
March 7, 2022

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောင်းကုန်းအုပ်စု၊ ကွေ့ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး ဒေသခံတချို့ ဖမ်းဆီးခံခဲ့ရကာ ပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းဝန်ထမ်း လူငယ်တစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့  နယ်ခံတွေထံက သိရပါတယ်။

မတ်လ ၁ ရက် ညက   ကွေ့ကြီးကျေးရွာနေ ကိုဝေဖြိုးအောင်ပါ ညီအစ်ကိုသုံးဦးနဲ့ သူ့တို့ရဲ့မိဘနှစ်ဦးအပါအဝင် သူတို့ရဲ့အိမ်မှာ  ဖုန်းအားလာသွင်းတဲ့ လူငယ်သုံးဦး စုစုပေါင်း ၈ ဦး ကို စစ်ကောင်စီတပ်က လာရောက် ဖမ်းစီးခေါ်ဆောင်သွားခဲ့ပြီး မိဘနှစ်ပါးကိုပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကိုဝေဖြိုးအောင်ကိုတော့  အဲ့နေ့ညမှာပဲ ကျေးရွာတံတားအနီးမှာ ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သယ်ယူသွားတယ်‌လို့ သိရပါတယ်။ မပစ်သတ်ခင်မှာ ကျောင်းကုန်းရွာမှာ ဗုံးပေါက်ကွဲခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး အတင်းအဓမ္မ ဝန်ခံခိုင်းခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့ခံတစ်ဦးက"တရွာလုံးလိုလိုက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို အားပေးတဲ့ ရွာလို့ ဆိုလို့ရတယ်၊ အန်အယ်လ်ဒီပါတီကို အားပေးတဲ့အိမ်တွေက အနည်းစုပဲရှိတယ်ပေါ့နော်၊ အဲ့ဒီအနည်းစုထဲမှာ သူတို့အိမ်ပါတယ်၊ ပြီးတော့ ကောင်လေးကလည်း ငွေစုငွေချေးရုံးမှာ ဝန်ထမ်းဆိုတော့ မတ္တရာပေါ်မှာ ဝန်ထမ်းလုပ်ရတာဆိုတော့ မြို့နဲ့အဆက်အ သွယ်အမြဲတမ်းရှိတယ်၊ ရှိတော့ ဆန္ဒပြပွဲတွေ ဘာတွေမှာလည်း ကောင်လေးက အမြဲတမ်းလိုလို ပါလေ့ရှိတယ်၊ ရှိတဲ့ခါကျတော့ တခြား ကြံ့ခိုင်ရေးပါတီ အားပေးတဲ့ ရွာသားအများစုကတော့ သူတို့အိမ်ကိုမ ကြည်ကြဘူးပေါ့ဗျ၊ အဲ့တော့ ချောက်ချခံရတဲ့သဘောမှာလည်း ပါတယ်ပေါ့၊ ချောက်ချခံရတာပါပဲ။ အခု သူတို့က အထင်နဲ့ လက်ညှိုးထိုးလိုက်တဲ့အတွက်ကြောင့်မို့ ဒီကလေးက အလကားနေရင်း ခံလိုက်ရတာပေါ့"လို့ ဆိုပါတယ်။

ကိုဝေဖြိုးအောင်ရဲ့ ညီနှစ်ယောက်နဲ့ တခြား ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကိုတော့ ယနေ့အထိ မလွှတ်ပေးသေးပါဘူး။ ဖမ်းဆီးခံထားရတဲ့ လူငယ် ၃ ဦးကတော့ ချောင်းဆုံဝ ကျေးရွာသားတွေ ဖြစ်ပါတယ်။

ကိုဝေဖြိုးအောင်ရဲ့ မိခင်ဖြစ်သူကတော့ သားဖြစ်သူ အသတ်ခံရတာကြောင့် လတ်တလောမှာ  စိတ်လွတ်မတတ်ဖြစ်နေတယ်လို့ သိရပါတယ်။

ကိုဝေဖြိုးအောင်ရဲ့ အလောင်းကိုတော့ မတ်လ ၅ ရက်က ရင်ခွဲရုံကနေ လာထုတ်ခိုင်းတဲ့ အတွက် သွားထုတ်ပြီး နေ့လယ်ပိုင်းမှာ  သင်္ဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024