Home
ဆောင်းပါး
အကြမ်းဖက်စစ်အုပ်စုက မွေးရာပါနိုင်ငံသားတွေကို နိုင်ငံသားဖြစ်ခွင့်မှ ပယ်ဖျက်နိုင်သလား
DVB
·
March 6, 2022

အကြမ်းဖက်စစ်အုပ်စုက မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ၁၉၈၂ နိုင်ငံသား ဥပဒေပုဒ်မ ၆၇ ပါ ဗဟိုအဖွဲ့ လုပ်ပိုင်ခွင့်အရ၊ ဥပဒေပုဒ်မ ၁၆ နဲ့အညီ နိုင်ငံသားအဖြစ်မှ ရပ်စဲတယ်ဆိုပြီး မတ်လ ၅ ရက်နေ့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြထားတယ်။ မွေးရာပါ မြန်မာနိုင်ငံသား ပုဂ္ဂိုလ်တွေကို စကစအုပ်စုက ဒီလို ရပ်စဲပိုင်ခွင့် ရှိသလား။  ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကိုပဲ ကိုးကားပြီး  မွေးရာပါမြန်မာနိုင်ငံသားတွေကို နိုင်ငံသားအဖြစ်ရပ်စဲမှု အမိန့်ထုတ်နိုင်အောင် အဲဒီ ၁၉၈၂ ဥပဒေက နိုင်ငံသားဖြစ်မှု ပယ်ဖျက်ခွင့်ကို လွယ်လွယ်ပဲ ပေးထားသလား။  

အခန်း (၂) နိုင်ငံသားဖြစ်ခြင်း၊ ပုဒ်မ (၃) မှာဖော်ပြထားတာက ‘နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတခုခု၌ မြန်မာသက္ကရာဇ် (၁၁၈၅) ခုနှစ်၊ ခရစ်သက္ကရာဇ်(၁၈၂၃) ခုနှစ်မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် "မျိုးနွယ်စုများ"သည် မြန်မာနိုင်ငံသား ဖြစ်သည်၊

ပုဒ်မ (၄)- မည်သည့်မျိုးနွယ်စုသည် တိုင်းရင်းသားဖြစ်သည် မဖြစ်သည်ကို နိုင်ငံတော်ကောင်စီက ဆုံးဖြတ်သည်၊ (စာရေးသူ၏စကားချပ်.. မဆလခေတ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေမို့ တိုင်းရင်းသားဖြစ်ခြင်း မဖြစ်ခြင်းကို နိုင်ငံတော်ကောင်စီက ဆုံးဖြတ်တယ်၊ ယခုခေတ် ဘယ်နိုင်ငံမှာမဆို ရွေးချယ်ခံ တရားဝင် ပြည်ထောင်စုအစိုးရအဖွဲ့ကသာ အတည်ပြုနိုင်တာပါ)။

ပုဒ်မ(၅)- တိုင်းရင်းသားတိုင်းလည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း၊ မွေးရာပါနိုင်ငံသားဖြစ်သည်။

ပုဒ်မ(၆) ဤဥပဒေအာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်သည်။

ပုဒ်မ(၈) (က) နိုင်ငံတော်ကောင်စီသည် နိုင်ငံတော်၏ အကျိုးငှာ မည်သူမဆို နိုင်ငံသား၊ သို့မဟုတ် ဧည့်နိုင်ငံသား ၊သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူအဖြစ် သတ်မှတ်နိုင်သည်၊

(ခ)  နိုင်ငံတော်ကောင်စီသည် နိုင်ငံတော်၏ အကျိုးငှာ "မွေးရာပါနိုင်ငံသား " မှအပ မည်သူကိုမဆို နိုင်ငံသား၊ သို့မဟုတ် ဧည့်နိုင်ငံသား၊ သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရုပ်သိမ်းနိုင်သည်။ (စာရေးသူ စကားချပ်- မွေးရာပါနိုင်ငံသားကို နိုင်ငံသားဖြစ်ခွင့်မှ ရုပ်သိမ်းနိုင်ခွင့်မရှိ)

ပုဒ်မ(၁၄)- နိုင်ငံသားတစ်ဦးဦးသည် နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်း  နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခွင့်မရှိစေရ " ၊

ပုဒ်မ(၁၆)- နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှ  အပြီးအပိုင်ထွက်ခွာလျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊ အခြားနိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ၊ နိုင်ငံသားအဖြစ်မှရပ်စဲသည်၊

ပုဒ်မ(၁၇)- မွေးရာပါနိုင်ငံသားတစ်ဦးကို  ပုဒ်မ (၁၆) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွမ်းသဖြင့် နိုင်ငံသားအဖြစ်မှ ရပ်စဲသည့် ကိစ္စမှတစ်ပါး အခြားမည်သည့်အခြေအနေတွင်မျှ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းမရှိစေရ …

စသည် ဖော်ပြထားပါတယ်။

၁၉၈၂ နိုင်ငံသားဥပဒေကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်တဲ့အတွက် အထက်ပါပုဒ်မများကလည်း တည်ဆဲ ဖြစ်ပါတယ်။ ယခု နစက မှထုတ်ပြန်ကြေညာလိုက်တဲ့ မွေးရာပါနိုင်ငံသား (၁၁) ဦးအား နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းဆိုတာက အဆိုပါတည်ဆဲ လဝကဥပဒေတွေကို ၎င်းတို့လိုသလို အသုံးပြုသုံးစွဲခြင်းသာ ဖြစ်တယ်လို့ မှတ်ယူရပါမယ်။ အဆိုပါပုဂ္ဂိလ် ၁၁ ဦးက ပြည်ပနိုင်ငံများသို့ အပြီးအပိုင် ထွက်ခွာမှု မဟုတ်ပါပေ။  နိုင်ငံ့အကျိုးငှာ နိုငံသားတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်း သို့မဟုတ် နိုင်ငံရေးလုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ သို့ကြောင့်  ၁၉၈၂ နိုင်ငံသားဥပဒေ၊ ပုဒ်မ (၁၆) ကို ချိုးဖောက်ကျုးလွန်မှု မရှိပါပေ။ အခြားနိုင်ငံသားအဖြစ် သူတို့ခံယူပါမှ မြန်မာနိုင်ငံသားအဖြစ် ပယ်ဖျက်ခွင့် ရှိပါတယ်။

ပုဒ်မ (၆၇) အရ နိုင်ငံတော်ဗဟိုအဖွဲ့ရဲ့  ပုဒ်မ (၆၈) ဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို နစကအဖွဲ့က တလွဲအသုံးချ လုပ်ဆောင်မှုသာလျှင်ဖြစ်ပါပေသည်၊။  မြန်မာနိုင်ငံသား ၁၁ ဦးရဲ့ လူ့ဂုဏ်သိက္ခာကို ညှိးနွမ်းအောင် ၁၉၈၂ နိုင်ငံသားဥပဒေကို ချိုးဖောက် ကျုးလွန် လုပ်ကိုင်ခြင်းသာ ဖြစ်တယ်။ ဥပဒေကျူးလွန်ဖောက်ဖျက်သူတွေ အနေနဲ့ တချိန်မှာ ပြန်လည်တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီတို့ လက်ကိုင်ပြုနေဆဲဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ(၄၄) မှာလည်း လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ်ပြဋ္ဌာန်းခွင့် မရှိစေရ ဆိုတာ ပါရှိပါတယ်။

နောက်ပြီး နိုင်ငံသားတွေရဲ့ တရားဝင် ဥပဒေနဲ့အညီ ပိုင်ဆိုင်ထားပါသော အိုးအိမ်အဆောက်အဦများအား ချိတ်ပိတ်သိမ်းယူမှုနှင့် ပစ္စည်းပစ္စယများကို လုယူ သိမ်းယူ၊ ဖျက်ဆီး မီးရှို့မှုတွေက ၎င်းတို့ တသသဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက်နေခြင်းသာ ဖြစ်ပါတယ်။ ပုဒ်မ (၃၅၆)- နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရကာကွယ်ပေးရမည် ဆိုတာ ပါရှိပါတယ်။

အထက်ပါ အချက်တွေကို ကြည့်ရင် စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ၎င်းတို့လက်ကိုင်ပြုနေတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကိုလည်း အလွဲသုံးပြီး မွေးရာပါနိုင်ငံသားတွေကို နိုင်ငံသားအဖြစ်မှ ပယ်ဖျက်နေသလို၊ ၎င်းတို့ ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ အခြေခံဥပဒေကိုလည်း ချိုးဖောက်လုပ်ကိုင်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ဥပဒေမဲ့ အုပ်ချုပ်မှုသာ ရှိတယ်လို့ပဲ ဆိုရပါမယ်။ ဥပဒေမဲ့အုပ်ချုပ်မှုအောက်မှာ မှန်ကန်မျှတတဲ့ တရားစီရင်ရေး၊ တရားဝင် အမိန့်အာဏာတို့ လုံးဝမရှိနိုင်ပါ။ အာဏာကို တရားမဝင်လုယူထားတဲ့ နစကရဲ့ တောရိုင်းဥပဒေ စိုးမိုးမှုအောက်မှာ မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်မှု လုံခြုံမှု လုံးဝဆိတ်သုဉ်းနေပါတယ်။

မြန်မာနိုင်ငံသားတွေ လွတ်လပ်မှု၊ လုံခြုံမှု ဥပဒေစိုးမိုးမှု၊ မှန်ကန်တဲ့တရားစီရင်မှု အမြန်ဆုံး ပြန်လည် ရရှိပါစေ…။

ရွှေဟင်္သာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024