Home
မေးမြန်းခန်း
နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ကြေညာခံရသည့်အပေါ် တုံ့ပြန်ချက်များ
DVB
·
March 5, 2022

ကိုမင်းကိုနိုင်၊ အိပန်ဆယ်လို၊ ကိုမျိုးရန်နောင်သိန်း အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာ ဇော်ဝေစိုး၊ ဦးရည်မွန် (ခ) တင်သစ်၊ ဦးလွင်ကိုလတ်၊ ဒေါ်ဇင်မာအောင်၊ ဦးထင်လင်းအောင်၊ ဦးအောင်မျိုးမင်း၊ ဒေါ်အိသဉ္ဇာမောင်၊  ဒေါက်တာ ဆာဆာ တို့ ၁၁ ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း  စစ်ကောင်စီက မတ်  ၄ ရက်  ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပနိုင်ငံများသို့ တရားမဝင်ထွက်ခွာသွားတဲ့ အောက်ပါပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံရဲ့အကျိုးကို ထိခိုက် စေနိုင်သော လုပ်ဆောင်ချက်တွေ ဖော်ထုတ်တွေ့ရှိရလို့ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၇ ပါ ဗဟိုအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အရ ယင်းဥပဒေပုဒ်မ ၁၆ နဲ့အညီ  နိုင်ငံသား အဖြစ်မှ ရပ်စဲတာလို့ စစ်ကောင်စီ ကြေညာချက်မှာ ဖော်ပြပါတယ်။

ခုလို စစ်ကောင်စီက နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်းကြေညာတဲ့အပေါ် ကြေညာခံရသူတချို့က သူတို့ရဲ့လူမှုကွန်ရက်ကနေ ပြန်လည်တုံ့ပြန်ပြောထားကြပါတယ်။

(အပြည့်အစုံ) 

NUG  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ 

"မြန်မာနိုင်ငံကို ဖျက်ဆီးနေတာ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တွေပဲဖြစ်တယ်ဆိုတာ ပြည်သူလူထုလည်းသိတယ်၊ တစ်ကမ္ဘာလုံးကလည်း သိတယ်၊ သူတို့ထုတ်ပြန်သမျှကို ကျွန်တော်တို့က ဂရုမစိုက်ပါဘူး။ သိလည်းမသိဘူး၊ စိတ်လည်းမဝင်စားဘူး၊ တရားဝင်ခြင်းလည်း မရှိဘူး။ မြန်မာနိုင်ငံသားဖြစ်တယ်မဖြစ်ဘူးဆိုတာ သူတို့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ကျွန်တော် မြန်မာ နိုင်ငံသားဖြစ်တယ်ဆိုတာ မွေးရာပါဖြစ်တယ်၊ သူတို့ ပြန်ယူခွင့်မရှိသလို ပေးခွင့်လည်း မရှိဘူး။ ကျွန်တော် ချင်းပြည်သူဖြစ်တယ်ဆိုတာ မင်းအောင်လှိုင်က ဆုံးဖြတ်ရမှာမဟုတ်ဘူး၊ ဆုံးဖြတ်ပိုင်ခွင့်လည်း သူ့မှာမရှိဘူး။"

==

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး-  ဦးအောင်မျိုးမင်း

“အကြမ်းဖက် စစ်​ကောင်စီအဖွဲ့ဟာ အစိုးရမဟုတ်တဲ့အတွက် သူတို့ထုတ်ပြန်တဲ့ ‘နိုင်ငံသားဖြစ်မှုက ရပ်စဲခြင်း’ ဆိုတာ တရားမဝင်ပါဘူး။ ​တရားဝင်ခဲ့မယ်ဆိုရင်​တောင် နိုင်ငံကိုချစ်တဲ့စိတ်ကို  ဘယ်လိုနည်းနဲ့မှ ဟန့်တားနိုင်မှာမဟုတ်ပါဘူး။  ကိုးကားထားတဲ့ ပုဒ်မ ၁၆ ဆိုတာနဲ့လဲ မကိုက်ညီပါဘူး။ အပြီးအပိုင်ထွက်ခွာသွားကြတာ မဟုတ်ပါ၊ အမြန်ဆုံးပြန်လာနိုင်​အောင် ကြိုးပမ်းလုပ်​ဆောင်လျက်ပါ။”

============================

NUG အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်

“ပတ်စပို့စ်ဆိုတဲ့ စာအုပ်လေးတစ်အုပ်ထဲက စာရွက်ပေါ်မှာ နိုင်ငံသားဖြစ်မှုကို ရပ်စဲလိုက်ရုံနဲ့၊ မှတ်ပုံတင်ကို ဖျက်သိမ်းလိုက်ရုံနဲ့ အမိနိုင်ငံအပေါ် ချစ်မြတ်နိုးတဲ့ ကျမရဲ့စိတ်ကို စစ်ကောင်စီအနေနဲ့ ဖြိုလဲရိုက်ချိုးခြေမွဖျက်စီးနိုင်မှာမဟုတ်ပါဘူး။ အကြမ်းဖက်အဖွဲ့အစည်း စစ်ကောင်စီရဲ့ တရား မဝင်တဲ့ ထုတ်ပြန်ချက်ကိုလဲ ကျမတို့ အနေနဲ့ ဂရုစိုက်စရာကို လိုမနေပါဘူး။ တော်လှန်ရေး အောင်မြင်ချိန်​ရောက်တဲ့ အဆုံးသတ်အထိ ပြည်သူတွေ ၊ ကျမရဲ့တော်လှန်ရေးရဲဘော်ရဲဘက်တွေ၊ ကျမရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကျမဆက်လက်ရုန်းကန်တိုက်ပွဲဝင်နေမယ်ဆိုတာကိုပဲ ထပ်လောင်းပြောကြားချင်ပါတယ်”။

=======

NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး- ဦးလွင်ကိုလတ်

“နိုင်ငံသား အဖြစ်ကရပ်စဲတယ် ဟုတ်လား။ ငါ့ရဲဘော်တွေကို ကတိပေးပြီး  သူတို့နဲ့ အတူနေနေတာကို မင်းတို့ပြောတဲ့ ဥပဒေနဲ့ ဘယ်ဟာကများ ညှိစွန်းနေလို့တုန်း။ ပြီးတော့  NUG စဖွဲ့ကတည်းက ငါတို့ မူဝါဒက ပြတ်သားပြီးသား အာဏာရှင်ဆန့်ကျင် တိုက်ပွဲဝင်ခဲ့မှုကြောင့် အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်နေတဲ့ ပြည်ထောင်စုဖွားတွေပါ  ဖက်ဒရယ်နိုင်ငံသစ် တည်ဆောက်ရာမှာ ပါဝင်ခွင့်ရှိကိုရှိရမယ်။ ဒါကြောင့် ပြည်ပရောက်နေတဲ့  ပြည်ထောင်စုဖွားတစ်ယောက် ပြည်ထောင်စုအတွက် စွမ်းဆောင်နိုင်ရင် NUG အစိုးရမှာ ပါဝင်မှုပေးမယ် ဆိုတဲ့ မူက ရှိပြီးသား။ ငါတို့က နိုင်ငံသစ် ဖက်ဒရယ်ပြည်ထောင်စုသစ်ကို အတွေးအခေါ်သစ် တန်ဖိုးစံ အသစ်တွေနဲ့ တည်ဆောက်ကြဖို့ ခြေခံမူတွေ ပြတ်သားပြီး သားဆိုတော့ အူနှိပ်ပြီး ရီနေရရုံထက်  ဘာမှမပိုပါဘူးကွာ။ ဒါကြောင့်လည်း  ပြောတာ ဒီဉာဏ်ရည်မျိုးနဲ့ လူတွေ အုပ်ချုပ်တာ ဘယ်ပြည်သူကမှ ငုံမခံတွန်း လှန်နေကျတာမို့ နိုင်ကို နိုင်မှာ လို့”။

======

မျိုးရန်နောင်သိန်း

“ငါတို့ကို နိုင်ငံသားအဖြစ်ကနေရပ်စဲပါသည်တဲ့။  မင်းတို့နိုင်ငံသားဖြစ်ခွင့်ပေးမှ နိုင်ငံသားဖြစ်မှာကျနေတာပဲ။ နိုင်ငံသားဖြစ်ခြင်းဆိုတာ နှလုံးသားနဲ့ ဆိုင်တယ်၊ ခံယူချက်နဲ့ဆိုင်တယ်။  ငါဘယ်နိုင်ငံရောက်နေနေ ငါ့အတွေး၊ ငါ့ဝိဉာဏ် ၊ ငါ့နှလုံးသားရှိရာအရပ်ဟာ ငါ့အမိနိုင်ငံတော်ပဲ။ ငါတို့က အသွေးအသားအားဖြင့် မြန်မာ၊ ဝိဉာဉ်အားဖြင့် မြန်မာ၊ နှလုံးသားအားဖြင့် မြန်မာ။ မြန်မာပြည်အတွက် ငါတို့ဘဝတွေ ပေးထားတာ၊ စတေးထားတာ၊ စွန့်လွတ်ထားတာ။ မင်းတို့လို ဒီမြေမှာမွေး ဒီရေကိုသောက်ပြီး ဒီမြေကိုပြန်ဒုက္ခပေးနေတဲ့ ‘သားရေပေါ်အိပ်၊ သားရေသားစားတွေ’ မဟုတ်ဘူးဆိုတာ မင်းတို့ခေါင်းထဲ ဦးနှောက်ပါရင်သိပါတယ်။ အရှက်မရှိပြောထွက်တဲ့စကား ငါတို့ကိုနိုင်ငံသားအဖြစ်မှရပ်စဲသည်တဲ့။ မြန်မာနိုင်ငံကို မင်းတို့ပိုင်တာကျနေတာပဲ။ ဆုတောင်းလေ ၊ ဆုတောင်း ။ နောက်ဆုံး ထွက်သက်မတိုင်မှီ ဆုတောင်းသွားကြပေါ့။ စကားမစပ် ငါ့အမည်စာလုံးပေါင်းမှားနေတယ်။ ဒါမှမဟုတ် အဲ့ဒါနောက်တစ်ယောက်လား။ ဇွတ်ကိုကြောက်နေလိုက်ကြတာ စာလုံးပေါင်းတောင်မှားတယ်။” 

==

ပန်ဆယ်လို

“နေစမ်းပါဦး NUG က နိုင်ငံတော်သမ္မတနဲ့ ဝန်ကြီးချုပ်တောင်မပါဘဲ အိုင်တို့ ၁၁ ယောက်ကို နိုင်ငံသားအဖြစ်က ရပ်စဲတယ်ဆိုတော့ ဘာသဘောလဲ။ ၁၁ မီး လောင်ခံချင်တာလား။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024