ဖျာပုံတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား တရားစွဲ ဖိအားပေးဝန်ခံခိုင်းပြီး ငွေဒဏ်ချမှတ်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကို စစ်ကောင်စီက ဖေဖော်ဝါရီလဆန်းပိုင်းမှာ စတင်တရားစွဲပြီး  ဖိအားပေးဝန်ခံခိုင်းကာ ပြစ်ဒဏ်အနေနဲ့ ငွေကျပ် ၁၀,၀၀၀ စီ ချမှတ်ခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁၂ ဦးကို မဲမသာမှုပြုလုပ်တဲ့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ရုံးချိန်း ၃ ကြိမ်မြောက်မှာ ငွေကျပ် ၁၀,၀၀၀ စီပေးဖို့  ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။ 

“ကော်မရှင်အဖွဲ့ဝင်တွေကို ခြိမ်းခြောက်ပြီး မဲမသာမှုလုပ်တယ်ဆိုပြီး ဝန်ခံခိုင်းတယ်။ ဝန်ခံတော့ တရားစွဲတယ်။ ဝန်ခံရင် ဒဏ်ငွေနဲ့ပြီးအောင်လုပ်ပေးမယ်ဆိုပြီး ဖိအားပေးတာ မဝန်ခံရင် မိသားစုပါ ဒုက္ခရောက်သွားမယ်ပေါ့။ အဲ့လိုမျိုးတွေပြောပြီး ညှိပြီးမှ တရားစွဲတာ” လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁၂ ဦးကို ခရိုင်ရွေးကောက်ပွဲကော်မရှင်က အရာရှိ ဗိုလ်မှူး ဇော်လွင်ဦး ဦးဆောင်ကာ ဖိအားပေးဝန်ခံခိုင်းပြီး တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ခုလိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကို တရားစွဲပြီး ငွေဒဏ်ချမှတ်တာဟာ နိုင်ငံတကာနဲ့ ပြည်တွင်းမှာ ရွေးကောက်ပွဲမသမာမှုတွေရှိတယ်ဆိုပြီး ဝါဒဖြန့်ချင်တာကြောင့် ခုလို ဖိအားပေးဝန်ခံခိုင်းပြီး ညှိနှိုင်းကာ ငွေဒဏ် ချမှတ်တာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

//
More News
Up