သီလ၀ါ အထူးစီးပွားရေးဇုန် မြေကွက်ကို ၃၀ ရာခိုင်နှုန်း လျော့ငှားမည်
DVB
·
February 20, 2014

သီလ၀ါ အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေကို မြေကွက်ချပေးတဲ့အခါ လက်ရှိ ပေါက်ဈေးထက် ၃၀ ရာခိုင်နှုန်း လျော့ပြီး ငှားပေးမယ်လို့ မြန်မာသီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့က ရန်ကုန် ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း UMFCCI ရုံးချုပ်မှာ ကျင်းပတဲ့ သီလ၀ါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အများပြည်သူ ၀င်ရောက်မြှုပ်နှံခွင့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောလိုက်တာပါ။
မြေငှားခဈေးနှုန်းတွေကိုတော့ လာမယ့် မတ်နဲ့ ဧပြီလလောက်မှာ ထုတ်ပြန် ကြေညာနိုင်လိမ့်မယ်လို့ သူက ပြောပါတယ်။
လက်ရှိ အကောင်အထည်ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ ပြည်တွင်းနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်မယ့်သူတွေ လာရောက် စုံစမ်းမှု ရှိနေပြီး အထည်ချုပ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းနဲ့ မော်တော်ကား တပ်ဆင်မှု လုပ်ငန်းတွေ များတယ်လို့ ဦးဝင်းအောင်က ရှင်းပြပါတယ်။
