စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့အတွက် ခေတ္တခဏပိတ်ထားတဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်း မတ် ၂ ရက်နေ့ကနေစပြီး ကုန်တင်ကားတွေသွားလာနိုင်ပြီလို့ ပူတာအို PDF က ထုတ်ပြန်ထားပါတယ်။
စစ်ပွဲအချိန်မရွေးဖြစ်ပေါ်လာနိုင်တဲ့အတွက် ခရီးသည်တင်ဆောင်ခွင့် မပြုသေးသလို စစ်တပ်ထုတ်ကုန် အေဘီစီ၊ မြန်မာဘီယာ၊ ဒဂုန်ဘီယာအပါအဝင် စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကုန်ပစ္စည်း၊ စစ်သားနဲ့ စစ်လက်နက်ပစ္စည်းတွေ သယ်ယူခွင့်မရှိကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် သတ်မှတ်ထားတဲ့အတိုင်း မနက် ၆ နာရီကနေ ညနေ ၅ နာရီအတွင်းသာ ဖြတ်သန်းသွားလာကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်းကို ဖေဖော်ဝါရီ ၂၂ ရက်မှာ စစ်ကောင်စီနဲ့ KIA-PDF ပူးပေါင်းတပ်ဖွဲ့တွေကြား စစ်ပွဲပြင်းထန်လာနိုင်တဲ့အတွက် ဖေဖော်ဝါရီ ၂၈ ရက် အထိ ခေတ္တပိတ်ခဲ့တာလို့ သိရပါတယ်။