DVB Logo
Home
မြန်မာသတင်း
ရွှေဘိုခရိုင် တောင်သူများ စပါးပိုး မျိုးတုံးသတ်ရန် အကူအညီလို
DVB
·
February 19, 2014
ရွှေဘိုခရိုင် တောင်သူများ စပါးပိုး မျိုးတုံးသတ်ရန် အကူအညီလို
Donate to DVB

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်မှာ မြို့နယ် ၆ ခုမှာ ပြီးခဲ့တဲ့ မိုးစပါးရာသီမှာ စပါးပိုးကျခဲ့တဲ့အတွက် စပါးအထွက်နှုန်း ၅ ပုံတပုံသာ ရရှိခဲ့ပြီး ဒီစပါးပိုး မျိုးတုံးသွားအောင် လုပ်ဆောင်ဖို့ တောင်သူလယ်သမားတွေ အကူအညီလိုအပ်နေပါတယ်။

farmer1ရွှေဘိုခရိုင် ရွှေဘို၊ ကန့်ဘလူ၊ ရေဦး၊ ၀က်လက်၊ ဒီပဲယင်းနဲ့ ခင်ဦးစတဲ့ မြို့နယ် ခြောက် ခုမှာ ၂၀၁၃ မိုးစပါးရာသီမှာ စပါးပိုးကျခဲ့တဲ့အတွက် စပါး ၈၀ ရာခိုင်နှုန်း ပျက်စီးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း တောင်သူလယ်သမားရေးရာ ဥက္ကဋ္ဌ ဦးမြင့်ကြည်က ပြောပါတယ်။

“ပျက်စီးမှုများတာက ရွှေဘိုမြို့နယ်နဲ့ ၀က်လက်မြို့နယ် အစရှိသဖြင့် အများဆုံးက ဘေးကြားစပါးပေါ့။ ရွှေဘိုဘက်ကမ်းဘေးမှာ အများဆုံးကျတယ်။ နောက်တခါ ဒီပဲယင်းမြို့နယ် မှာတော့ ဘေးကြားမှာ အကျနည်းပြီးတော့ ဧရာမင်းစပါးမှာ ပိုကျတယ်။ ရွှေဘိုခရိုင်မှာ မြို့နယ်က ကျွန်းလှနဲ့ တန့်ဆည်ပဲ အဖြစ်နည်းတယ်။ ကျန်တဲ့ ၈ မြို့နယ်ထဲမှာ ၆ မြို့နယ်က ၈၀ ရာခိုင်နှုန်းတောင် မကချင်ဘူး။ တချို့ဆို စပါးကို ရိတ်ယူလို့မရအောင် ကျတယ်။”

အဆစ်လို့ခေါ်တဲ့ စပါးပိုးဟာ တနှစ်မှာ သန်းဂဏန်းပွားနိုင်ပြီး မြေကြီးအောက် ၄ လက်မ လောက်အထိ ခိုအောင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒီပိုး မျိုးတုံးဖို့အတွက် ကောက်ရိုးပြတ်တွေကို မီးရှို့ရမှာဖြစ်သလို မြေလှန်ပြီး နေပူလှန်းမှ ပိုးက သေစေနိုင်တယ်လို့ စိုက်ပျိုးရေးဌာနက ရှင်းပြ ကြောင်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း တောင်သူလယ်သမားရေးရာ ဦးမြင့်ကြည် က “အဲဒီပိုးကို သုတ်သင်မယ်ဆိုရင် ကာကွယ်မှုနဲ့ပဲ လုပ်ရတာ။ ပိုးကျပြီးတော့ အပင်ကြားရောက်ရင် ပိုးသတ်ဆေး ဖြန်းလို့ မရဘူး။ ဒီပိုးကို မျိုးတုံးသွားအောင် ဆိုလိုရှိရင် ပထမ စပါးရိတ်ပြီးရင် ရိုးပြတ်တွေကို မီးရှို့ရတယ်။ ရိုးပြတ်မီးရှို့ရုံနဲ့လည်း ဒီပိုးက မသေးဘူး။ ရိုးပြတ်ပင်စည်ရဲ့ အမြစ်အောက်မှာ ၄ လက်မလောက် အဲဒီပိုးက မြေကြီးအောင်းနိုင်တယ်။ လယ်ကွက်ကို ထယ်နဲ့ထိုးပြီးမှ နေပူလှန်းလိုက်တော့မှ ဒီပိုးက အမျိုးပြတ်တာလေ။ ဒီပိုးကို ပြတ်ချင်ရင် စပါးခင်းတွေ အားလုံးကို ဒီလိုလုပ်မှရမယ်” လို့ ပြောပါတယ်။

လယ်သမားတွေအနေနဲ့ မြေလှန်နိုင်ဖို့ အခက်အခဲ ရှိနေပါတယ်။ လယ် ၁ ဧကကို စက်နဲ့ မြေလှန်ဖို့ ကျပ်ငွေ ၂ သောင်းကျော် ပေးဆောင်ရတဲ့အတွက် လယ်သမားတွေအနေနဲ့ အကူအညီ လိုအပ်နေတာလို့ ရွှေဘိုမြို့နယ် လယ်သမား ဦးမြင့်အောင်က ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ရိုးပြတ်မီးရှို့ဖို့ဆိုတာလည်း အခုအချိန်မှာ ရိုးပြတ်က အကုန် မလောင်ဘူး။ ရိုးပြတ်က စိုတုန်းရှိသေးတယ်။ လယ်သမားတွေအနေနဲ့ ဒီဟာကို လယ်သမားတိုင်းက မြေလှန်ဖို့က ဒီနှစ်မှာက စပါးအထွက်လျော့တဲ့အတွက် လယ်သမားတွေက အတော်လေး ခက်ခဲတယ်။ လယ် ၁ ဧကကို စက်ထည်တွေနဲ့ ခုတ်နေတာ ၂ သောင်း ၂ ထောင်နဲ့ ခုတ်နေတာ။ အဲဒါမျိုးကို လယ်သမားတိုင်းက မခုတ်နိုင်ဘူး။ နိုင်ငံတော်က စက်အင်အားသုံးပြီး ခုတ်ပေးရင် ပိုကောင်းတာပေါ့။”

စပါးပိုးကျလို့ အချို့လယ်သမားတွေ စပါးရိတ်သိမ်း စရိတ်နဲ့ စပါးအထွက်နှုန်း မကာမိတဲ့အတွက် စိုက်ပျိုးစရိတ် ချေးငွေပြန်ပေးဖို့လည်း အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာ အောင်သန်းက ရွှေဘိုမြို့နယ် အတွင်းရှိ အဆစ်ပိုးကြောင့် စပါးခင်းများပျက်စီးသဖြင့် စိုက်ပျိုး စရိတ်ချေးငွေ ပေးဆပ်ရမယ့်ကာလကို နောက်ဆုတ်ပေးဖို့နဲ့ နိုင်ငံတော်အစိုးရက ဘယ်လို ကူညီဆောင်ရွက်ပေးမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။

ဒီအပေါ် လယ်/ဆည် ဒု-ဝန်ကြီး ဦးအုန်းသန်းက ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နဲ့ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄၂ အုပ်စုမှာ အထွက်နှုန်းထိခိုက်တဲ့ ၂၂၅ ဧကအတွက် ၁ ဧကကို ကျပ် ၅၁၀၀၀ နှုန်းနဲ့ ကျပ်သန်း ၁၁ ဒဿမ ၄၇၅ ကို နိုင်ငံတော် သမ္မတရဲ့ သီးသန့် ရန်ပုံငွေကနေ ကျခံထောက်ပံ့ပေးနိုင်ရေး ဘဏ္ဍာရေးဝန်ကြီးဌာနကို သဘောထား မှတ်ချက် တောင်းခံထားကြောင်း၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက် ဆောင်ရွက်ပေးသွားမယ့် အကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013