Home
မြန်မာသတင်း
လူငယ်များ၏ တွေးခေါ်မှုဖြင့် အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေး ကြိုးစားမည်
နန်းမြနဒီ
·
February 18, 2014
လူငယ်တွေရဲ့ လွတ်လပ်စွာ တွေးခေါ်ဖော်ထုတ်မှုတွေနဲ့ အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေး ကြိုးစားသွားမယ်လို့ လက်ရှိ မော်လမြိုင်မှာ ကျင်းပနေတဲ့ မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များဆွေးနွေးပွဲက ပြောကြားလိုက်ပါတယ်။ မွန်ပြည်နယ်ထဲမှာရှိတဲ့ မွန်၊ မြန်မာ၊ ပအိုဝ်း နဲ့ ကရင် စတဲ့လူငယ်ပေါင်း ၁၀၀ ကျော်ဟာ မော်လမြိုင်မှာ လာရောက်ဆုံဆည်းပြီး မိမိဒေသမှာ တွေ့ကြုံနေ တဲ့ ပြဿနာအခက်အခဲတွေ ဆွေးနွေးကြ မှာဖြစ်သလို ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရေးတွေလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဆွေးနွေးတဲ့အခါမှာ လွတ်လပ်စွာတွေးခေါ်ဖော်ထုတ်မှုတွေကို အခြေခံသွားမယ်လို့ အခမ်းအနားအဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ကြောင်း မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်ဖိုရမ် ဖြစ်မြောက်ရေး တာဝန်ခံ ကိုကြည်ဇော်လွင်က ဒီဗွီဘီကို ပြောပါတယ်။ 1743441_409094859237423_751800591_n“ကျနော်တို့ လူငယ်တွေဟာ လွတ်လွတ်လပ်လပ်နဲ့ ကျနော်တို့ရဲ့ အတွေးအခေါ်ကို လွတ်လပ်စွာဖော်ထုတ်မယ်၊ အဲဒီလွတ်လပ်စွာရှိခဲ့တဲ့ အတွေးအခေါ်တွေနဲ့ အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်မှုကို ဆန်းသစ်တဲ့ တည်ဆောက်မျုပုံစံမျိုးနဲ့ ဖန်တီးသွားမယ်လို့ အဖွင့်မိန့်ခွန်းမှာ ကျနော်ပြောခဲ့ပါတယ်။ ဖိုရမ်ရဲ့ ရည်ရွယ်ချက်ကတော့ မွန်ပြည်နယ်ထဲက လူငယ်တွေရဲ့ အသံကို တစုတစည်းတည်း ဖော်ထုတ်လို့ရအောင်ရယ်၊ မွန်ပြည်နယ်အဆင့် လူငယ်ကွန်ရက်တစ်ခုပေါ်ပေါက်လာဖို့ရယ်၊ အနာဂတ်ကာလမှာ မွန်ပြည်နယ်မှာ လူငယ်နဲ့ပတ်သက်တဲ့ ပါလီမန်တခု ပေါ်ပေါက်လာဖို့ရယ် အဲဒါတွေရည်ရွယ်ပါတယ်။” ဒီကနေ့အခမ်းအနားဖွင့်ပွဲမှာ မော်လမြိုင်တက္ကသိုလ်က ဒုပါမောက္ခချုပ် ဦးအောင်မြတ်ကျော်စိန်၊ ဦးမင်းလတ်၊ ဦးမြင့်ဇော် စတဲ့ပညာရှင် ၃ ဦးက လူငယ်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်၊ ပညာရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ ပတ်သက်တာတွေ ဟောပြောခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ လူငယ်ဖိုရမ်မှာ ဆွေးနွေးသွားမယ့် ခေါင်းစဉ်တွေကိုတော့ လူငယ်တွေ ၀ိုင်းဝန်းရွေးချယ်ပြီးမှ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲကနေ ထွက်ပေါ်လာမယ့် ပြဿနာအခက်အခဲနဲ့ စိမ်ခေါ်မှုတွေမှာ အစိုးရကို တောင်းဆိုသွားမယ့်အပိုင်းနဲ့ လူငယ်တွေဘက်က ပူးပေါင်းပါဝင်ဖြေရှင်းနိုင်မယ့် အချက်တွေ ထုတ်နုတ်ပြီး မနက်ဖန် ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄ နာရီမှာ သတင်းထုတ်ပြန်သွားမယ်လို့ ကိုကြည်ဇော်လွင်က ပြောပါတယ်။ ပထမဆုံးအကြိမ်ကျင်းပတဲ့ မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်ဖိုရမ်မှာ မွန်ပြည်နယ်ထဲမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးက လူငယ်တွေ၊ မြို့နယ်အသီးသီးနဲ့ လူမှုအခြေပြု အဖွဲ့အစည်းက လူငယ်တွေ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်လာကြတယ်လို့ သိရပါတယ်။ ဒီဖိုရမ်ကနေပြီး လာမယ့် မတ်လထဲ မော်လမြိုင်မှာ ကျင်းပဖို့ရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ် ညီလာခံကို တက်ရောက်ဖို့ ကိုယ်စားလှယ်တွေလည်း ရွေးချယ်ကြမှာဖြစ်ပါတယ်။ ဒီကနေ့မနက် ၉ နာရီကနေ ၁၀ နာရီ ခွဲထိ ကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားကိုတော့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံရေးပါတီအဖွဲ့အစည်း နဲ့ ရပ်မိရပ်ဖတွေ တက်ရောက်အားပေးခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024