DVB Logo
Home
မြန်မာသတင်း
စာရေးဆရာအချို့ကို ဟောပြောခွင့်တားဆီးမှု မြန်မာကလောင်ရှင်များအဖွဲ့ ကန့်ကွက်
DVB
·
February 18, 2014
စာရေးဆရာအချို့ကို ဟောပြောခွင့်တားဆီးမှု မြန်မာကလောင်ရှင်များအဖွဲ့ ကန့်ကွက်
1 / 2
Donate to DVB

စာပေဟောပြောပွဲတွေမှာ စာရေးဆရာတချို့ကို ဟောပြောခွင့် တားဆီး ပိတ်ပင် နှောင့်ယှက်တာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တားမှု ဖြစ်တယ်ဆိုပြီး ပြည်တွင်းက စာရေးဆရာတွေနဲ့ ဖွဲ့စည်းထားတဲ့ Pan Myanmar မြန်မာကလောင်ရှင်များအဖွဲ့က  ကန့်ကွက်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပတဲ့ စာပေဟောပြောပွဲတွေမှာ  စာရေးဆရာတချို့ ဟောပြောခွင့် တားမြစ်ခံခဲ့ရပြီးနောက် ခုလို  မြန်မာကလောင်ရှင်များ အဖွဲ့က ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်တာပါ။

ကန့်ကွက်ရခြင်းအကြောင်းရင်းနဲ့ပတ်သက်ပြီး မြန်မာကလောင်ရှင်အဖွဲ့က ဒါရိုက်တာ အဖွဲ့ဝင်  ဦးမျိုးမြင့်ငြိမ်းက “စာပေဟောပြောပွဲနဲ့ ပတ်သက်ပြီး အခုရက်ပိုင်း တချို့မြို့နယ်တွေမှာ တာဝန်ရှိပုဂ္ဂိုလ်တွက ဟန့်တားတာ ရှိသလို တချို့သောအင်အားစုတွေက စာပေဟောပြောပွဲမှာ တက်ရောက်လာတဲ့သူတွေကို ပိတ်ပင်တာ၊ ဟောပြောခွင့်မပေးတာမျိုးလည်း လုပ်လာတယ်။ အဲဒီဟာတွေက စာပေဟောပြောပွဲ အစဉ်အလာတွေ ပျက်ပြီး လွတ်လပ်စွာ ပြောရေးဆိုခွင့်ဆိုတဲ့ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေကို ထိခိုက်စေတယ်။ အဲဒါကြောင့် ကြေညာချက် ထုတ်လိုက်တာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက် ရန်ကုန် မြောက်ဥက္ကလာပ  ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲမှာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ကြတဲ့  တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက  ဦးမြအေးတို့ စာပေဟောပြောခွင့်  တားဆီး ပိတ်ပင်ခံခဲ့ကြရပြီး  ဖေဖော်ဝါရီ ၁၅ ရက်နေ့ မန္တလေးမြို့ မျက်ပါးရပ်မှာ ကျင်းပတဲ့ စာပေဟောပြောပွဲမှာလည်း ဦးမြအေး ဟောပြောခွင့် တားဆီးခံခဲ့ရပါတယ်။

အလားတူ  ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း ပေါင်းတည်စာပေဟောပြောပွဲမှာ  စာရေးဆရာမ မသီတာ(စမ်းချောင်း)ကို  မွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံတခုမှာ တာဝန်ထမ်းဆောင်ခဲ့ ဖူးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကန့်ကွက် တားမြစ်ခံခဲ့ရပါတယ်။

ခုလို ပိတ်ပင်တားမြစ်မှုကြောင့်  စာရေးဆရာတွေထက် စာဖတ်ပရိသတ်တွေအတွက် ပိုထိခိုက်နစ်နာစေလိမ့်မယ်လို့လည်း ဦးမျိုးမြင့်ငြိမ်းက ပြောပါတယ်။

“ဟောပြောပွဲတပွဲ ပျက်သွားတာ တခုတည်းနဲ့တင် မပြီးသေးဘဲ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကိုပါ သွားပြီးထိခိုက်တယ်။ ဒါတွေ လုပ်ခွင့်မရဘူးဆိုတော့ ပြည်သူလူထုမှာ အများကြီးနစ်နာတယ်။ စာရေးဆရာက သူ့အလုပ်သူလုပ်နေတာပဲ။ ဟောပြောပွဲမလုပ်ရလည်း စာရေးဆရာက ဆက်ပြီးတော့ ရေးနေတာပဲ။ တကယ်ထိခိုက်နစ်နာတာက ပြည်သူပဲ။ စာရေးဆရာတယောက်အတွက်တော့ သူ့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို တင်ပြပိုင်ခွင့်တွေကို ဟန့်တားပိတ်ပင်ခံထားရတယ်ဆိုတာလောက်ပဲ ကျနော်က သုံးသပ်တယ်။”

ခုလို စာပေဟောပြောခွင့်ကို တားဆီးတဲ့လုပ်ရပ်ဟာ နိုင်ငံတကာက ချမှတ်ထားတဲ့ လူ့အခွင့်အရေးစံနှုန်းတွေနဲ့လည်း ကိုက်ညီမှုမရှိတဲ့အပြင်  အပြည်ပြည်ဆိုင်ရာ ကလောင်ရှင်များ အဖွဲ့က  ချမှတ်ထားတဲ့ ပဋိညာဉ်ပါ  လူမျိုးရေး၊ လူတန်းစားရေးနဲ့ အမျိုးသားရေးဆိုင်ရာ မုန်း တီးမှုများ ပပျောက်ရေး၊ အတွေးအခေါ်တွေကို အတားအဆီးမရှိ ဖြန့်ကြက်ရေးမူတွေနဲ့လည်း ဆန့်ကျင်နေတယ်လို့ မြန်မာကလောင်ရှင်များအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013