အမ်စတာဒမ်မြို့ Apple ပစ္စည်းအရောင်းဆိုင်တွင် ပြန်ပေးဆွဲခံရသူများ လွတ်မြောက်

နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့တော်ရဲ့ မြို့လယ်တောင်ပိုင်းက ရင်ပြင်နားမှာရှိတဲ့ Apple ကုန်အမှတ်တံဆိပ် အီလက်ထရောနစ်ပစ္စည်းတွေရောင်းတဲ့ဆိုင်မှာ သေနတ်သမားတယောက်က လူတွေကို ပြန်ပေးဆွဲထားရာက ဖေဖော်ဝါရီ ၂၂ ရက်မှာ လူအတော်များများ ပြန်ထွက်လာနိုင်ခဲ့တယ်လို့ နယ်သာလန်ရဲတွေက ပြောပါတယ်။

အခင်းဖြစ်ရာနေရာကို ရဲတွေက အရံအတားတွေနဲ့ ကာထားပြီး ရင်ပြင်ကိုလည်း ရှင်းလင်းထားပါတယ်။ အိမ်နီးချင်းတွေကိုလည်း အခန်းထဲမှာပဲ နေကြဖို့နဲ့ ကြည့်ဖို့ အပြင်ကို ထွက်မလာဖို့ သတိပေး ထားပါတယ်။

စတိုးဆိုင်အထဲနဲ့ အပြင်ပတ်လည်က အခြေအနေကို လောလောဆယ် အကျယ်တဝင့် ရှင်းမပြချင်သေးဘူးလို့ အမ်စတာဒမ်ရဲတပ်ဖွဲ့က တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။

စတိုးဆိုင်ထဲမှာ သေနတ်နဲ့တူတဲ့အရာကို ကိုင်ထားပြီး အနက်ရောင် ခေါင်းစွပ်စွပ်ထားတဲ့ ယောက်ျားတယောက်က နောက်ယောက်ျားတယောက်ကို ဓားစာခံ ဖမ်းထားပုံ ရုပ်ပုံတွေလည်း လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ ပျံ့နေပါတယ်။

//
More News
Up