
ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ရေနံသန့်စင် ချက်လုပ်ရေး ကုမ္ပဏီ (တီအိုပီ) ဟာ အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖိုးလောက် ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းဖော်ပြချက်အရ သိရပါတယ်။
ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ ဗီရာဆပ် ကော့ဆစ်ပိုင်ဆယ်လ် (Veerasak Kositpaisal) က မြန်မာအစိုးရဆီမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်း ၂ ခု တင်ပြထားပြီး တခုကတော့ ရန်ကုန် တဖက်ကမ်း သံလျင်မှာ တနေ့ ရေနံစည် ၄ သောင်း သန့်စင်နိုင်တဲ့ ရေနံချက်စက်ရုံ တည်ဆောက်ရေးလည်း ပါဝင်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လောင်စာဆီ သုံးစွဲမှုပမာဏဟာ တနေ့ စည်ပေါင်း ၇ သောင်းကျော်ရှိပြီး ထိုင်းနိုင်ငံက အသုံးပြုနေတဲ့ တနေ့ ၈ သိန်းနဲ့ နှိုင်းယှဉ်ရင် ၁၀ ပုံ ၁ ပုံတောင် မရှိသေးပါဘူး။
ဒါပေမယ့် လောင်စာဆီ အသုံးပြုမှု အလျင်အမြန် မြင့်တက်လာနေတာကြောင့် ခုလို
ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ရတာလို့ သူက ပြောပါတယ်။











