
စင်ကာပူနိုင်ငံဟာ မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းအတွက် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုပေးနေပြီး မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်နေတယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။
မြန်မာစစ်တပ်အတွက် ပံ့ပိုးပေးကြတဲ့ အရှေ့တောင်အာရှဒေသနိုင်ငံတွေက အစိုးရတွေနဲ့ ကုမ္ပဏီတွေကို Justice For Myanmar ရဲ့ စစ်ရာဇဝတ်ဂိုဏ်းငွေကြေးမြေပုံ၊ ကဏ္ဍသစ် တစ်ရပ်မှာ ထည့်သွင်းဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် စင်ကာပူနိုင်ငံဟာ မြန်မာစစ်တပ်နဲ့ စစ်လက်နက်ပွဲစားတွေအပါအဝင် သူတို့ရဲ့ မိတ်ဖက်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဘဏ္ဍာရေးဆိုင်ရာဗဟိုချက်တစ်ခု ဖြစ် တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့်မို့ စင်ကာပူအပါအဝင် အာဆီယံ၊ ဒေသတွင်းအစိုးရတွေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ တရားမဝင်စစ်ကောင်စီနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ မိတ်ဖက်တွေဆီ ငွေပေးချေမှုအားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပင်စင်ရံပုံငွေတွေနဲ့ တခြားသောအဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံရာမှာ အကြမ်းဖက်မြန်မာစစ်ကောင်စီကို ငွေကြေးထောက်ပံ့နေတာတွေကို မဖြစ်မနေ ရပ်တန့်ရမှာ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းကြဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။
အာဆီယံဒေသတွင်းနိုင်ငံ စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း စဉ်ဆက်မပြတ် လူ့အခွင့် အရေးဆိုင်ရာ လိုက်နာရမယ့် ပြဋ္ဌာန်းချက်တွေအတိုင်း လုပ်ဆောင်ရမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း သူတို့ရဲ့ လုပ်ငန်းတွေအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းအတွက် အခွန်ငွေ ရင်းမြစ်ပေးအပ်ခြင်း မပြုစေဖို့ လုပ်ဆောင်ရမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အာဆီယံနဲ့ ဒေသတွင်းအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရမှာဖြစ်ပြီး စစ်ကောင်စီနဲ့ သူတို့ရဲ့ ကိုယ်စားလှယ်တွေကို အာဆီယံထိပ်သီးညီလာခံတွေ၊ အစည်းအဝေးတွေအားလုံးဆီ ဖိတ် ကြားတာတွေ ရပ်တန့်ဖို့လည်း Justice For Myanmar က တောင်းဆိုထားပါတယ်။
မြန်မာပဋိပက္ခဖြေရှင်းဖို့ ပြီးခဲ့တဲ့နှစ်မှာ အာဆီယံအဖွဲ့က ချမှတ်ထားတဲ့ ဘုံသဘောတူညီ ချက် ၅ ချက်ကို မြန်မာစစ်ကောင်စီက လိုက်နာအကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့အတွက် စစ်အာဏာသိမ်းစစ်ခေါင်းဆောင်ကို ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မဖိတ်ကြားခဲ့သလို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကိုလည်း တက်ခွင့်မပြုခဲ့ပါဘူး။