Home
မြန်မာသတင်း
မန္တလေးတိုင်းတွင် စစ်ကောင်စီက ပြည်သူ ၂၇၀ ကျော်ကို အကြမ်းဖက်သတ်ဖြတ်
DVB
·
February 15, 2022

မန္တလေးတိုင်းမှာ စစ်အာဏာသိမ်းပြီးနောက်  တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့်  ပြည်သူ အယောက်  ၂၇၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့မှတ်တမ်းအရ သိရပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သပိတ်တွေမှာပါဝင်ခဲ့တဲ့ အရပ်သားပြည်သူတွေကို စစ်တပ်က အဓိကပစ်မှတ်ထားသတ်ဖြတ်ခဲ့တာဖြစ်ပြီး  မန္တလေးတိုင်း ၃၆ မြို့နယ်ထဲက ၂၅ မြို့နယ်လောက်မှာ  စစ်ကောင်စီက အကြမ်းဖက်လူသတ်မှုတွေကျူးလွန်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ်သပိတ်တွေမှာ ပါဝင်ခဲ့တဲ့ လက်နက်မဲ့ပြည်သူတွေကို အရေအတွက်အများဆုံး ပစ်ခတ်၊ ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပြီး  သေနတ်နဲ့ပစ်ခတ်တာ၊ ဖမ်းဆီးနှိပ်စက်ရင်း စစ်ကြောရေးမှာ သေဆုံးခဲ့ရသူအရေအတွက်ဟာ အများဆုံးဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က အစောဆုံးသေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့သူကတော့ ၂၀၂၁ ခု ဖေဖော်ဝါရီလ ၈ ရက်က  မန္တလေးမှာ ဆန္ဒပြပွဲကအပြန် စစ်ကောင်စီတပ်က  အကြမ်းဖက်ကားနဲ့ တိုက်သတ်လို့ သေဆုံးခဲ့ရတဲ့ ကိုနပွား (ခ) ကိုညီညီဦးဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၉ ရက်မှာတော့ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်မှာ   အသက် ၂၀ ခန့်အရွယ် မမြသွဲ့သွဲ့ခိုင်ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပစ်ခတ်မှုကြောင့် ဦးခေါင်းဒဏ်ရာ အပြင်းအထန်ရပြီး ဖေဖော်ဝါရီ ၁၉ ရက်မှာ ကျဆုံးခဲ့ပါတယ်။

မကြယ်စင်

မန္တလေးမြို့မှာတော့ ၂၀၂၁ ခုနှစ် မတ်လ ၃ ရက် မနက်ပိုင်းက အာဏာသိမ်း စစ်ကောင်စီအလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့်  အသက် ၁၉ နှစ်အရွယ် မကြယ်စင် ကျဆုံးသွားခဲ့ပါတယ်။

မြင်းခြံမြို့နယ်မှာတော့ ပြည်သူ ၄၅ ယောက်အထိအသတ်ခံခဲ့ရပြီး ချမ်းမြသာစည်မြို့နယ်မှာ ပြည်သူ ၃၉ ယောက် အသတ်ခံခဲ့ရပါတယ်။ 

အကြမ်းဖက်ခံရတဲ့အခြေအနေဖြစ်လို့ သေဆုံးတာ၊ ဖမ်းဆီးတာခံရှိတဲ့ မြို့နယ်နေရာ အတိအကျအတည်မပြုနိုင်ဘဲ သေဆုံးခဲ့ရသူကလည်း  ၃၄ ယောက်အထိရှိခဲ့ပါတယ်။ ဒီစာရင်းတွေဟာ AAPP ကလက်လှမ်းမှီသလောက် ကောက်ယူခဲ့တဲ့စာရင်းတွေသာဖြစ်ပြီး မြေပြင်အခြေအနေရှုပ်ထွေးတာကြောင့် အတည်မပြုနိုင်ဘဲ သေဆုံးခဲ့ရသူတွေလည်း ရှိနိုင်သေးတယ်လို့  မှတ်တမ်းတွေက ဖော်ပြပါတယ်။

မြင်းခြံမြို့နယ်ဒေသခံတစ်ဦး "အပြစ်မဲ့တဲ့ပြည်သူတွေကို သူတို့ရက်ရက်စက်စက်သတ်ခဲ့တယ်။ ပြည်သူတွေပေးထားတဲ့လစာကိုစားတယ်။ ပြီးတော့သတ်တယ်။ သတ်တဲ့အတွက် ကျွန်တော်တို့က သူတို့မိသားစုတွေအထိပါမချန်ဘူး။ကျဆုံးသွားတဲ့ပြည်သူတွေအတွက် ပြန်ပြီး ကလဲ့စားချေရမှာပေါ့။ အပြစ်မဲ့ပြည်သူတွေကို ခေါင်းတွေပစ်တယ်။ နားထင်တွေတေ့ပစ်တယ်။ နောက်ပြီးကျတော့ မီးရှို့သတ်ဖြတ်တယ်ပေါ့ ကျနော်တို့ ဒေသခံတွေကတော့ အကြောက်တရားဆိုတာတော့မရှိဘူးဗျ။ တော်လှန်ချင်တဲ့စိတ်တွေက ပိုပိုပြီးတော့ ထကြွလာတာ။"လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့် မန္တလေးတိုင်းထဲမှာ ကိုယ်လက်အင်္ဂါထိ ခိုက်ပျက်စီးခဲ့ရသူအများအပြားရှိခဲ့ပေမဲ့ အခြေအနေအရ စာရင်းအတိအကျကောက်ယူနိုင်ဖို့ ခက်ခဲနေပါတယ်။ 

မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ မန္တလေးတိုင်း NLD ခေါင်းဆောင်တွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားအများအပြားကိုလည်း စစ်ကောင်စီက ဖမ်းဆီးတရားစွဲခဲ့ ပါတယ်။

မန္တလေးအိုးဘိုထောင်အတွင်းမှာ အကြမ်းဖက်အနိုင်ကျင့်မှုတွေရှိနေပြီး စစ်သားတွေကဖမ်းဆီး ခြိမ်းခြောက်ငွေတောင်းတာတွေလည်းပြုလုပ်နေတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

မြင်းခြံမြို့နယ်ဒေသခံတစ်ဦး "ထောင်ထဲမှာဆိုရင် သူတို့နှိပ်စက်ထားတဲ့ဒဏ်ရာတွေကို ဆေးလည်းကုမပေးဘူး။ တချို့ဆို လောက်တွေကျနေတာတောင်ရှိတယ် ထောင်ထဲမှာ။ လူဖမ်းပြီး ပိုက်ဆံတောင်းတာတွေလည်းရှိတယ်။ သိန်း ၂၀၊ ၃၀ တောင်းတယ်။ မပေးနိုင်တဲ့သူတွေကို လုံးဝမလွှတ်ပေးဘူး။ မဆိုင်တဲ့သူတွေကိုဖမ်းပြီးတော့ ငွေကြေးခြိမ်းခြောက်တောင်းတာပေါ့။"

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၈ ရက်ကလည်း  နွားထိုးကြီးမြို့နယ်မှာ ဖမ်းဆီးပြီး စစ်ကြောရေးမှာ သတ်ဖြတ်ခံခဲ့ရတဲ့ အသက် ၂၇ နှစ်အရွယ် ကိုမျိုးမင်းထက်အပါအဝင် တောင်သူ ၄ ယောက်ဟာ မန္တလေးတိုင်းအတွင်းမှာ စစ်ကောင်စီက နောက်ဆုံးသတ်ဖြတ်တာခံထားရသူတွေဖြစ်ပါတယ်။

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုထက်မြက်အောင်  "ဖက်ဆစ်စစ်တပ်ကတော့ အကြောင်းပြချက်မရှိလည်း သတ်မှာပဲ။ ပြည်သူတွေက တိုင်စရာလည်းနေရာမရှိဘူး။ အဲ့ဒီတော့ လုပ်စရာရှိတာက နွေဦးတော်လှန်ရေးရဲ့ထောက်တိုင်တွေကို ပိုအားကောင်းအောင် ပြည်သူတွေဘက်ကလုပ်ဖို့ပဲရှိတော့တယ်"လို့ပြောပါတယ်။

မန္တလေးတိုင်းကို ခရိုင် ၈ခု၊ မြို့နယ် ၃၆ခု၊ မြို့ပေါင်း ၃၀၊ ရပ်ကွက်ပေါင်း ၂၈၀ ၊ ကျေးရွာအုပ်စု ၁၄၁၅ အုပ်စု၊ ရွာပေါင်း ၄၇၉၉ ရွာနဲ့ဖွဲ့စည်းထားပြီး မန္တလေးတိုင်းမှာနေထိုင်တဲ့ လူဦးရေ ၆ သန်းကျော်ဟာ စစ်ကောင်စီရဲ့အကြမ်းဖက်ခြိမ်းခြောက်သတ်ဖြတ်မှုတွေနဲ့ နေ့စဉ်ရင်ဆိုင်နေရတာပါ။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာ ပြည်သူ ၄ ယောက်၊ စဉ့်ကိုင်မြို့နယ်မှာ ၄ ယောက်၊ အမရပူရမြို့နယ်မှာ ၁၃ ယောက်၊ အောင်မြေသာစံမြို့နယ်မှာ ၇ ယောက်၊ ချမ်းအေးသာစံမြို့နယ်မှာ ၁ ယောက်၊ ချမ်းမြသာစည်မြို့နယ်မှာ ၃၉ ယောက်၊ မဟာအောင်မြေမြို့နယ်မှာ  ၂၃ ယောက်၊ ပုသိမ်ကြီးမြို့နယ်မှာ ၄ ယောက်၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ၁၈ ယောက်၊ မိတ္ထီလာမြို့နယ်မှာ ၆ ယောက်၊ ဝမ်းတွင်းမြို့နယ်မှာ ၄ ယောက်၊ မြင်းခြံမြို့နယ်မှာ ၄၅ ယောက်၊ နွားထိုးကြီးမြို့နယ်မှာ ၁၀ ယောက်၊ တောင်သာမြို့နယ်မှာ ၂ ယောက်၊ ညောင်ဦးမြို့နယ်မှာ ၃ ယောက်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ၉ ယောက်၊ မတ္တရာမြို့နယ်မှာ ၁၁ ယောက်၊ မိုးကုတ်မြို့နယ်မှာ ၉ ယောက်၊ ပြင်ဦးလွင်မြို့နယ်မှာ ၈ ယောက်၊ စဉ့်ကူမြို့နယ်မှာ ၂ ယောက်၊ သပိတ်ကျင်းမြို့နယ်မှာ ၉ ယောက် နေပြည်တော် လယ်ဝေးမြို့နယ်မှာ ၁ ယောက်၊ ပျဉ်းမနားမြို့နယ်မှာ ၃ ယောက်၊ ဇမ္ဗူသီရိမြို့နယ်မှာ ၁ ယောက်၊ ဇေယျာသီရိမြို့နယ်မှာ ၁ ယောက်၊  မြို့နယ်နေရာအတည်မပြုနိုင်ဘဲ သေဆုံးသူ ၃၄ ယောက်၊ စုစုပေါင်း ပြည်သူ ၂၇၁ယောက်ကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024