မြန်မာအသင်း အိမ်ရှင်မော်လဒိုက်စ်အသင်းနှင့် တအုပ်စုတည်း ကျရောက်

1K
အာရှ ဘောလုံး အဖွဲ့ချုပ် (AFC) က တာဝန်ယူ ကျင်းပတဲ့ အာရှဒေသနိုင်ငံ လက်ရွေးစင် အသင်းများပြိုင်ပွဲ 2014 AFC challenge cup ရဲ့ အုပ်စုမဲခွဲမှုတွေကို ဒီနေ့ မော်လဒိုက်စ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းက အုပ်စု(က)မှာ အိမ်ရှင် မော်လဒိုက်စ်၊ ပါလက်စတိုင်း၊ ကာဂျစ္စတန် အသင်းတွေနဲ့အတူ ကျရောက်ခဲ့ပါတယ်။
မော်လ်ဒိုက်စ်နိုင်ငံမှာ ကျင်းပမယ့် အဲဒီပြိုင်မှာ အနိုင်ရ ဗိုလ်စွဲတဲ့အသင်းက ၂၀၁၅ ခုနှစ် အာရှဖလားပြိုင်ပွဲကို ပါဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အဲဒီပြိုင်ပွဲအတွက် ခြေစစ်ပွဲအဆင့်ကနေ စတင်ယှဉ်ပြိုင်ခဲ့ရပြီး ဂူအမ်၊ တရုတ် (တိုင်ပေ)နဲ့ အိန္ဒိယအသင်းတွေကို ကျော်ဖြတ်ပြီး အုပ်စုပထမအဖြစ် ခြေစစ်ပွဲ အောင်ခဲ့ပါတယ်။
2014 AFC challenge cup ပြိုင်ပွဲမှာ စုစုပေါင်းအသင်း ၈ သင်းယှဉ်ပြိုင်မှာ ဖြစ်ပြီး အုပ်စု ခ မှာ တက်ခ်မင်နစ္စတန်၊ ဖိလစ်ပိုင်၊ အာဖဂန် နစ္စတန်နှင့် လာအို အသင်းတွေ ပါဝင်နေပါတယ်။
AFC Challenge Cup 2014 ပြိုင်ပွဲကို မော်လဒိုက်စ် နိုင်ငံတွင် အခုနှစ် မေလ ၁၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
AFC Challenge Cup ပြိုင်ပွဲကို ၂၀၀၆ ခုနှစ်က စတင် ကျင်းပခဲ့ပြီး မြန်မာ့ လက်ရွေးစင် အသင်း အနေနဲ့ ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ် ပြိုင်ပွဲတွေမှာ ၂ ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ် အဆင့်တွေကို ရောက်ရှိခဲ့ပေမယ့် ၂၀၁၂ ခုနှစ် ပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ မအောင်မြင်တာကြောင့် ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။
မြန်မာ့လက်ရွေးစင်အသင်းဟာ နည်းပြဟောင်း ပတ်ဆောင်ဟွာကို ထုတ်ပယ်ပြီးနောက် နည်းပြသစ်အဖြစ် ဆားဘီးယားလူမျိုး အေဘရာမိုဗစ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က ခန့်အပ်ခဲ့ပါတယ်။
2014 AFC challenge cup ပြိုင်ပွဲဟာ အေဘရာမိုဗစ် တာဝန်ယူပြီးနောက် မြန်မာ့ လက်ရွေးစင်အသင်း ပထမဆုံး ယှဉ်ပြိုင်ရမယ့် နိုင်ငံတကာပြိုင်ပွဲတရပ်လည်း ဖြစ်ပါတယ်။
မြန်မာအသင်းဟာ မေလ ၁၉ ရက်နေ့မှာ မော်လဒိုက်စ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မေလ ၂၁ ရက်နေ့မှာ ပါလက်စတိုင်း၊ မေလ ၂၃ ရက်နေ့မှာ ကာဂျစ္စတန်တို့နဲ့ မော်လဒိုက်စ်နိုင်ငံ မာလီမြို့ဂယ်လ်အိုဟူကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
