ဩစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနယ်လ်ရဲ့အမှုရုံးချိန်းအတွက် ရန်ကုန်ကလာတဲ့ ရှေ့နေတယောက် နေပြည်တော်အ၀င်ဂိတ်မှာ ကိုဗစ်စစ်ဆေးတာ ကိုယ်အပူချိန်များတဲ့အတွက် ဝင်ခွင့်မရလို့ အမှုမစစ်ဆေးဖြစ်ဘူးလို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
“အန်ကယ်ဦးစိုး၀င်းရှေ့နေက ရန်ကုန်ကလာရတာလေ။ နေပြည်တော်အ၀င်ဂိတ်မှာ ကျန်းမာရေးစစ်ဆေးတာ ကိုယ်အပူချိန်ရှိလို့ဆိုပြီ ဝင်ခွင့်မရတော့ မစစ်ဖြစ်ဘဲ ရုံးပြန်ချိန်းလိုက်တယ်” လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ရှောင်တာနယ်လ်ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ လ.ဝ.က အက်ဥပဒေတို့နဲ့ စွဲဆိုထားတာဖြစ်ပါတယ်။
ဒီအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ ဘဏ္ဍာဝန်ကြီး)၊ ဦး ဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှုဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရတာဖြစ်ပါတယ်။
အမှုတွဲပါ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)နဲ့ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့ဟာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရှောင်တာနယ်လ်ကို လွှတ်ပေးလိုက်တယ်ဆိုပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ပြောတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီသတင်းထွက်လာပြီးနောက် ရှောင်တာနယ်လ်ကို ပြန်လွှတ်မပေးသေးဘူးလို့ စစ်ကောင်စီဘက်က ပြောဆိုခဲ့သလို ကမ္ဘောဒီးယားအစိုးရကလည်း ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ပြောစကားနဲ့ ပတ်သက်လို့ ပြန်လည်ရုပ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဩစတြေးလျ နိုင်ငံခြားရေး၀န်ကြီးဌာနကတော့ ရှောင်တာနယ်လ်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။