Home
မြန်မာသတင်း
မူဆယ်တွင် စိတ်ကြွဆေးများ သယ်ဆောင်သည့်ကား တိမ်းမှောက်
နန်းမြနဒီ
·
February 11, 2014
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ထဲမှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ကားတစီး ရဲတပ်ဖွဲ့ဝင်တွေကို ရှောင်တိမ်းရင်း တိမ်းမှောက်သွားခဲ့ပါတယ်။ 2223နယ်မြေထဲ မူးယစ်ဆေးဝါးနှိမ်နင်းဖို့ မူဆယ်-နမ့်ခမ်း လမ်းမပေါ် ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို တားဆီးစစ်ဆေးနေရာက ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့ခင်း ၁၂ နာရီက ယာဉ်တစီး မောင်းပြေးပြီး တိမ်းမှောက်ခဲ့တယ်လို့ မူဆယ်မူးယစ်ရဲတပ်ဖွဲ့က ယာယီရဲမှူး တီခေါင်လွမ်းက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ မူးယစ်တပ်ဖွဲ့စု ၂၂ မူဆယ်အဖွဲ့နဲ့ နယ်မြေရဲစခန်း ရဲကင်းအဖွဲ့တွေပူးပေါင်းပြီး မူဆယ်နမ့်ခမ်းကားလမ်းပေါ်က လွယ်ဆုတောင်းဘုရားနားလေးမှာ နမ့်ခမ်းဘက်ကနေလာတဲ့ ကားတစီးကို တားတယ်၊ သူကမောင်းပြီး ထွက်ပြေးသွားတယ်။ ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေက လိုက်တယ်။ လိုက်ပြီး သူပြန်လှည့်လာတယ်၊ အဲဒီအချိန်မှာ ဆိုင်ကယ်နဲ့ရပ်ပြီးတားတာကို သူကဆိုင်ကယ်ကို ၀င်တိုက်တယ်၊ ထပ်ပြေးတယ်၊ ကျနော်တို့ကလည်း ကားနဲ့ရှေ့က ပိတ်လိုက်တဲ့အချိန်မှာ သူက လမ်းဘေးတောင်ကုန်းကို တက်လာပြီး တောင်နဲ့တိုက်ပြီး လဲသွားတယ်။” ယဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့ ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားမရှိဘူးလို့ ဆိုပါတယ်။ တိမ်းမှောက်သွားတဲ့ ကားကို စစ်ဆေးရှာဖွေရာမှာတော့ ယာဉ်မောင်းရဲ့ထိုင်ခုံနံဘေး လက်ဆွဲအိတ်ထဲကနေ စက္ကူနဲ့ ထုတ်ထားတဲ့ WY အမျိုးအစား စိတ်ကြွဆေးပြား စုစုပေါင်း ၄၆၈၀၀ (ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၉၃၆) ကို ဖမ်းဆီးရမိတယ်လို့ ရဲမှူးက ဆက်ပြောပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒီယာဉ်ကို မောင်းနှင်လာတဲ့ အသက် ၃၂ နှစ်ရွယ် တရုတ်အမျိုးသား အိုက်မုန်း ဆိုသူကို မူဆယ်မြို့နယ်မရဲစခန်းကနေ မူးယစ်ဆေးဝါး ပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ ဒီင်္မတိုင်ခင် မူဆယ်ခရိုင်ထဲမှာ ခုတပတ်အတွင်း မူးယစ်ဆေးဝါး ၆ ကြိမ် ဖမ်းဆီးရမိခဲ့ကြောင်း၊ မူဆယ် နမ့်ခမ်းမြို့နယ်ထဲက ကျေးရွာနဲ့ ၁၀၅ မိုင် ဂိတ်ကနေ ဖမ်းမိတာတွေပါဝင်ပြီး ပမာဏကတော့ အနည်းအကျဉ်းပဲလို့ ရဲမှူး တီခေါင်လွှမ်းက ဆက်ပြောပါတယ်။ လက်ရှိ သူတို့မူးယစ်တပ်ဖွဲ့အနေနဲ့ နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသဘက်က ဘိန်းပင်တွေလည်း သွားရောက်ဖျက်ဆီးနေပြီး အကျယ် ၃ ဧကလောက် ဖျက်ဆီးပြီးပြီလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024