ထမင်းအစစ် စားချင်တယ်

‘ထမင်းအစစ် စားချင်တယ်’ ဆိုတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စကား လူမှုကွန်ရက်ပေါ်ပြန့်လာတယ်။ တချို့လည်းစာနာကြ။ တချို့ဒေါသထွက်ကြ။ ဝမ်းနည်းကြ။ စိတ်မကောင်းကြပေါ့။ တချို့ကလည်း ပဟေဠိ အဖြေညှိသလို စဉ်းစားမိသမျှ အန်ထုတ်လာကြတယ်။ တချို့ကတော့ လှောင်ပြောင် သရော်မော်ကား ပြောတာလည်းရှိရဲ့။ တချို့ကတော့ ဘာသိဘာသာပါပဲ။ အဲဒီ အမျိုးအဖုံဖုံတွေကြားမှာ ခံစားနားလည်ပေးသူတွေလည်း ရှိပေါ့။

‘ထမင်းအစစ်စားချင်’တဲ့ ခံစားစိတ်မျိုး ကျနော်လည်း ခံစားခဲ့ရဖူးတယ်။ ကျနော်မှ မဟုတ်ပါဘူး၊ ဖက်ဆစ်အကျဉ်းထောင်မှာ အကျဉ်းခံရဖူးသူတိုင်း ဒီခံစားချက်မျိုး အနည်းနဲ့ အများရှိခဲ့ကြတာပါပဲ။ အထူးသဖြင့် မြင်းခြံထောင် ကျဖူးသူအများစုက ပိုခံစားနားလည်ကြမယ် ထင်ပါတယ်။ အဲဒီတုန်းကတော့ ကျနော်တို့ ပြောလေ့ရှိတာက ‘အိမ်ထမင်း စားချင်တယ်” လို့ပေါ့။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ “ထမင်းအစစ် စားချင်တယ်”တဲ့။ 

သူ့အနေအထားကြည့်တော့ မိသားစုထမင်းဝိုင်းနဲ့ ကင်းဝေးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။ အထီးကျန်ခဲ့ရတဲ့ ထမင်းဝိုင်းပေါင်းများစွာကို နှစ်ပေါင်းများစွာ ခြောက်ကပ်ကပ် ဖြတ်သန်းခဲ့ရသည်ပဲလေ။ ဒီတော့ သူ့ဝေါဟာရမှာ မိသားစုထမင်းဝိုင်း တောင့်တစိတ်ကို မေ့လျော့လို့ ‘ထမင်းအစစ်’ကိုသာ တောင့်တခွင့်ရှိခဲ့ဟန်ပါပဲ။ မိသားစုထမင်းဝိုင်း၊  အိမ်ထမင်း အိမ်ဟင်းကို တောင့်တဖို့ အခြေအနေမပေးခဲ့ပေဘူးပေါ့။ အဲဒီလို စဉ်းစားမိတဲ့အတွက် လူတချို့ လှောင်ပြောင် သလိုမလုပ်ရက်ဘူး။ ဥပက္ခာမပြုရက်ပါဘူး။ တဦးချင်း ခံစားနားလည်စိတ်က လျစ်လျူမရှုရက်နိုင်ဘူး။ 

သူ့စကားကို ပဟေဠိတခုလို အဖြေရှာသူတွေ ထင်မြင်ချက်အမျိုးမျိုး ပေးကြတာလည်းရှိရဲ့။ တချို့ကတော့ ‘ထမင်းအစစ်စားချင်တယ်’ ဆိုတာ ဒေါ်စုက မက်ဆေ့တခု ပေးတာ ဖြစ်နိုင်တယ်’ လို့လည်း သုံးသပ်ကြတယ်။ သူ့သဘောသဘာဝအရလည်း အဲဒီလို မက်ဆေ့မျိုး ပေးတတ်တာတွေ ရှိခဲ့ဖူးတယ်။ ၂၀၁၀ ပထမအကြိမ် ရွေးးကောက်ပွဲလုပ်ချိန်ကလည်း NLD ပါတီ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ပြဿနာတက်ခဲ့တော့ ဒေါ်စုက သူ့ဆီလာတွေ့ခွင့်ရတဲ့ ကော်မတီဝင်တချို့ အပြန်မှာ သူ့ကော်မတီဝင်တွေအတွက် ‘ဘူးသီး’ တလုံးပေးပြီး သတင်းစကားပါးခဲ့ဖူးတယ်။ 

ဒီလိုပဲ နဝတ ကာလမှာ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့က နဝတအနေနဲ့ ဒေါ်စုနဲ့ အဆင်ပြေကြောင်း ကမ္ဘာကိုပြဖို့ အယောင်ပြတွေ့ဆုံပြီး ဓာတ်ပုံရိုက်ပြီး လိမ်ညာဖို့လုပ်ခဲ့စဉ်ကလည်း ဒေါ်စုဟာ ဓာတ်ပုံအရိုက်ခံရာမှာ မျက်နှာကို ဗိုလ်သန်းရွှေတို့ဘက် မလှည့်ပဲ ဓာတ်ပုံအရိုက်ခံပြီး အဆင်မပြေကြောင်း ကမ္ဘာကို အဖြေပေးခဲ့ဖူးတယ်။

မြင်သာထင်သာတဲ့ အချက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဘဝ တလျှောက်လုံး အဲဒီကာလမှာ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရေးအခြေနေနဲ့ ကိုက််ညီမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းအချို့ကို ကောက်နုတ်ပြီး သူ့အိမ်အဝင်ရဲ့မုခ်ဦးမှာ ချိတ်ဆွဲပြီး သတင်းစကားပါးလေ့ ရှိခဲ့တယ်။ လုံခြုံရေးအရတင်းကျပ်နေတဲ့ အခြေအနေတိုင်းမှာ တိုက်ရိုက်မပြောဘဲ သွယ်ဝိုက်ပြီး သတင်းစကားပါးလေ့ရှိခဲ့တဲ့ သာဓကတွေကလည်း ရှိခဲ့ပေတာကိုး။ ဒီတော့ အခုလည်း ‘ထမင်းအစစ် စားချင်တယ်’ ဆိုတဲ့စကားကိုပြောပြီး ပဟေဠိတခုနဲ့ အဖြေပေးလိုက်တာလို့ ယူဆမယ်ဆိုလည်း ယူဆလို့ရနိုင်ကောင်းပါတယ်။ 

ကျနော်ကတော့ ရှေ့မှာပြောခဲ့တဲ့အတိုင်း ‘အိမ်ထမင်းစားချင်တဲ့ ခံစားစိတ်’ ဖြစ်ခဲ့ဖူးတာကြောင့် စာနာစိတ်နဲ့ပဲ ခံစားမိပါတယ်။ တကယ်တမ်းတော့ ထောင်အကြောင်းကို ကျနော်ပြောဖို့ တွန့်ဆုတ်ပါတယ်။ မပြောချင်ခဲ့ပါဘူး။ နာကြည်းလို့လည်း မဟုတ်ဘူး။ ထောင်ကျရတာကို သိမ်ငယ်စိတ်ရှိလို့လည်း မဟုတ်ဘူး။ အနိဋ္ဌာရုံတွေမို့ ရှောင်တာလည်း မဟုတ်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် တတ်နိုင်သမျှ မပြောဘဲနေချင်ခဲ့တယ်။ တခါတရံ တချို့သော  မိတ်ဆွေတွေနဲ့ ဆုံဖြစ်တဲ့အခါ ထောင်ထဲကအကြောင်းတွေကို စိတ်လိုလက်ရ ပြောခဲ့ဖူးတယ်။ သူတို့က ‘အဲဒီအကြောင်းတွေ ပြန်ရေးပါလားဗျာ’ လို့ပြောတိုင်း ကျနော် ‘တုံဏှိဘာဝေ’ ဆိတ်ဆိတ်နေခဲ့မိတယ်။ ကိုယ့်အကြောင်းကိုပြောပြီး မဏ္ဍပ်တိုင်မတက်ချင်တာလည်း ပါမှာပါ။ အခုတော့ မလွှဲမရှောင်သာ ကိုယ့်အကြောင်းကနေစပြီး ပြောပါရစေ။

ဒီအကြောင်းတွေပြန်ပြောရင် ၁၉၉၂ ခုနှစ် ကျနော် စစ်အာဏာသိမ်းအုပ်စုရဲ့ အဖမ်းခံရခြင်းကပဲ စတင်ရမှာပါ။ စစ်ကြောရေးအကြောင်းတွေတော့ ပြန်မပြောတော့ပါဘူး။ လိုရင်းပြောကြစို့ ဆိုရင်တော့ ထောင်ထဲရောက်တဲ့ ခံစားချက်က စရမှာပါပဲ။ စစ်ကြောရေးကနေ ထောင်ထဲ ရောက်တော့ စစချင်း တွေ့ကြုံရတာက ပုံစံထိုင်ရတဲ့ ကိစ္စ။ အားလုံးသိပြီးသား။ အဲဒီနောက် ထမင်းစားချိန်မှာ ရင်ဆိုင်ရတဲ့ပြဿနာ။ 

ထမင်းပန်းကန် ရောက်လာတာနဲ့ ပထမဆုံးရလိုက်တာက ဖွဲနံ့လိုလို အောက်သိုးသိုးအနံ့။ ထမင်းကို တွေ့လိုက်ရတော့ ခွေးစာ၊ ဝက်စာလို ပျော့ပြဲပြဲနဲ့ ဆန်ကွဲသာသာ။ ယင်တွေက တလှောင်းလှောင်း။ တကယ့် မသတီချင်စရာ။ အော့အန်ချင်လာတယ်။ နောက် ကန်စွန်းရွက်ပြုတ်အရည်။‌ ထောင်အခေါ် ‘တာလဘော’ ဟင်းပေါ့။ အရည်ကျဲကျဲမှာ ကန်စွန်းရိုးတွေ ထိုးထိုးထောင်ထောင် ထွက်နေတဲ့ကြားထဲက ပိုးလောက်လန်းလား၊ ဘောက်ဖတ်လား မသိတဲ့ အင်းဆက်ပိုးကလည်း ပါလိုက်သေးရဲ့။ ပြီးတော့ တလက်မနီးပါးရှိတဲ့ ငါးပိစိမ်းစား။ အဲဒီတလက်မနီးနီးရှိတဲ့ ငါးပိစိမ်းကို ၂ နပ်စာအဖြစ် သတ်မှတ်ပေးတာ။ မီးကင်ထားတယ်လို့ ပြောပေမယ့် ငါးပိစိမ်း နံ့မပျောက်။ အဲဒီနေ့က ညစာမစားတော့ဘူး။ အိမ်ထမင်းကိုသာ တောင့်တနေမိတယ်။ အဲဒါကိုပဲ ထမင်းအစစ်လို့ စိတ်ထဲ မထင်ခဲ့မိတာလည်း အမှန်ပါ။ ဒီလိုနဲ့ ထမင်းအစစ်ကို တောင့်တရင်း ၆ လအကြာထိ အချုပ်သားဘဝကို ဖြတ်သန်းခဲရဖူးတယ်။

အချုပ်သားဘဝပြီးတော့ ထောင်ကျအကျဉ်းသားဖြစ်ပြီ။ ထောင်ဝါဒါ ခေါ်တဲ့နောက် လိုက်လာခဲ့တယ်။ ထောင်ကျအဆောင်တွေမဟုတ်ဘဲ တိုက်ထဲ ရောက်ခဲ့ပေါ့။ အခန်းတံခါးတွေ ပိတ်ထားချိန်မို့ အကျဉ်းသားအားလုံး အခန်းထဲမှာ ရှိနေကြတယ်။ အားလုံးက သံတိုင်ကြားကနေ ကျနော် ဝင်လာတာကို ကြည့်နေတယ်။ သူတို့ဘက် လှည့်ကြည့်ချိန်မှာတော့ ကျနော် ထိတ်လန့်သွားတယ်။ အံ့ဩတာလည်း ပါတာပေါ့။ သတိထားမိတာက တိုက်ထဲမှာရှိတဲ့ ထောင်ကျအားလုံးရဲ့ မျက်လုံးတွေဟာ အရောင်မထွက်ဘဲ မှိန်နေတာကို တွေ့လိုက်ရတယ်။ လူအားလုံးဟာ ပြတိုက်ထဲက ဖုန်တက်နေတဲ့ ‘မျက်လုံးအရောင်မဲ့မဲ့နဲ့ သက်ရှိလူအို လူဟောင်း ကျောက်ဖြစ်ရုပ်ကြွင်း’ တွေလို။ 

ရင်ထဲနင့်နေအောင် ခံစားလိုက်ရတယ်။ တချို့ ကျနော့်ကို တွေ့တော့ အံ့ဩနေတယ်။ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်၊ ဆွေးနွေဖော် ဆွေးနွေးဖက်၊ ငြင်းခုံဖော် ငြင်းခုံဘက်တွေ။ တချို့က တက္ကသိုလ်ကျောင်းသား လူငယ်လေးတွေ။ ကိုယ့်အတန်းထဲက မဟုတ်ပေမဲ့ ကျောင်းမှာ မြင်ဖူး တွေ့ဖူးနေတဲ့သူတွေ။ မျက်နှာတန်းမိနေသူတွေ။ တချို့ကတော့ မျက်နှာစိမ်း နိုင်ငံရေးသမားဟောင်းတွေ။ အသစ်တွေလည်း ပါရဲ့။ အရောင်မှိန်နေတဲ့ သူတို့မျက်လုံးတွေကို မြင်ရတဲ့ခံစားချက်ဟာ အခုချိန်ထိလည်း လန်းလန်းဆတ်ဆတ် ကျိုးကြေအောင် ခံစားနေရဆဲ။ တပြိုင်တည်းမှာ “ငါလည်း မကြာခင် မျက်လုံးတွေ အရောင်မှိန်လာပြီး ‘သက်ရှိလူအိုလူဟောင်း ကျောက်ဖြစ်ရုပ်ကြွင်းတခု ဖြစ်လာမှာပဲ” လို့ စိတ်ထဲ ထင်မြင်လာခဲ့တယ်။ နောက်တော့ မကြာမီမှာဘဲ ကျနော်လည်း တဖြည်းဖြည်း မျက်လုံးအရောင် မှိန်ဖျော့သွားခဲ့တော့တာပါပဲ။ ဒါက ကြုံလို့ ပြောလိုက်မိတာပါ။ 

ထောင်ကျပြီဆိုတာနဲ့ မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့်ရခဲ့တယ်။ ထုံးစံအတိုင်း ထောင်ကပေးတဲ့ ထောင်ဝတ်စုံ အဖြူရောင်ဝမ်းဆက်ဝတ်ပြီး ထောင်ဝင်စာ ထွက်ရတာပေါ့။ မာကြောင်း သာကြောင်း မေးပြီး ပထမဆုံးပြောဖြစ်တဲ့စကားက “အိမ်ထမင်း အိမ်ဟင်း စားချင်တယ်” ဆိုတဲ့စကားပဲ။ မိသားစုကတော့ ဝမ်းနည်းရိပ်တွေသန်းပြီး ပြိုတော့မယ့်မိုးလို အုံ့မှိုင်းသွားတယ်။ 

အဲဒီနောက်တော့ ‘အိမ်ထမင်း စားချင်တယ်’ ဆိုတဲ့စကားကို ထပ်မပြောဖြစ်တော့ပါဘူး။ ‘ငရုတ်သီးပိုးဟာ ငရုတ်သီးထဲမှာ အပူမသိ’ ဆိုသလို ကျနော်တို့အဖို့ ခံနိုင်အောင် ကြိုးစားရင်း နေသားကျသွားသယောင်ယောင်။ ဒါပေမဲ့ အပြင်မှာကျန်ခဲ့တဲ့ မိသားစုကတော့ ‘အိမ်ထမင်း စားချင်တယ်’ ဆိုတဲ့စကားဟာ သူတို့အတွက် ‘ထမင်းလုံးတစ္ဆေခြောက်’ နေ့စဉ်ကြားယောင်နေပြီး မျက်ရည်ပူတို့ တွဲခိုနေတတ်တာကိုလည်း သတိပြုလိုက်မိတယ်။ ထောင်ကျတယ်ဆိုတာ ကာယကံရှင်တင်မဟုတ်ဘဲ မိသားစုပါ သောကမျှဝေခံစားနေရတာပဲ မဟုတ်လား။

ဒီလိုနဲ့ နာမည်ကျော် မြင်းခြံထောင်ကို ပြောင်းရွှေ့အကျဉ်းခံရပြန်တယ်။ မြင်းခြံထောင်ရောက်ပြီး ထောင်ထဲသွင်းတာနဲ့ အဝတ်စရှည်နဲ့ ခေါင်းကနေအုပ်ပြီး ဘေးတဘက်တချက်ကနေ နံပါတ်တုတ်နဲ့ တိုက်ထဲ မရောက်မချင်း ‘တဖုန်းဖုန်း’ အဆက်မပြတ်ရိုက်လာခဲ့တာ။ ကိုယ်ထားမယ့်တိုက်ထဲ ရောက်မှ ပိတ်စကိုဖယ်ပြီး တိုက်ပိတ်လိုက်တော့တယ်။ ဒါက ထောင်ထဲ၊ တိုက်ထဲထည့်ပုံပေါ့။ ထောင်ပိုင်က လူလှတဲ့။ နာမည်နဲ့ စိတ်ဓာတ် တခြားစီပါပဲ။ ကျန်တာမပြောတော့ပါဘူး။ မြင်ခြံထောင်အကြောင်း ပြောရင် တထောင့်တညထက် ပိုသွားနိုင်တယ်။ လိုရင်းအကြောင်း ပြောမယ်။

တိုက်ပိတ်ပြီး တယောက်တခန်း ထားတယ်။ စကားပြောလို့ မရဘူး။ ကျနော်ဘေးခန်းမှာ နိုင်ငံရေး အကျဉ်းသားတဦး။ နာမည်ကတော့ ခွင့်ပြုချက်မတောင်းရလို့ မထည့်တော့ဘူး။ အရွယ်က အ‌တော်အတန်ရနေပြီ။ သူက နိုင်ငံရေးအကျဉ်းသားအဖြစ် မကြာခဏ ရောက်ခဲ့ဖူးတယ်။ ဗကပ အမှုတွဲ။ ထောင်အတွေ့အကြုံများတဲ့သူပေါ့။ သူ့ အခြေအနေကြည့်ပြီး လှုပ်ရှားရမှာပဲလို့ စိတ်ထဲမှာ မှတ်ယူထားလိုက်တယ်။ 

နေ့လယ်စာ ထမင်းစားချိန်ရောက်တော့ ထုံးစံအတိုင်း ထမင်းဝေတယ်။ ထောင်အားလုံး တပုံစံတည်းမို့ ထမင်းအကြောင်း တာလဘောအကြောင်းနဲ့ ငါးပိဖုတ်အကြောင်း မပြောတော့ဘူး။ ထမင်းဝေပြီးနဲ့ တခါတည်း စားရတယ်။ ဆိုးဝါးတဲ့ အစားအသောက်ဖြစ်ပေမယ့် အသက်မသေအောင် ကြိတ်မှိတ်မျိုချရတာပေါ့။ အဆိုးဆုံးက သူတို့ ထည့်ပေးတဲ့ ပုံစံခွက်ထဲက ထမင်းဟာ ထမင်းစားတဲ့ဇွန်းနဲ့ ၁၂ ဇွန်းစားပြီးရင် ကုန်သွားပြီ။ ဘယ်လိုမှ ဗိုက်မပြည့်တဲ့ပုံစံပါ။ ထမင်းဝေတဲ့လူ ပြန်လှည့်လာတော့ ကျနော်အခန်းဘေးကနေ “ကျနော့်ကို ထမင်းထပ်ထည့်ပေးအုံး။ မဝသေးဘူး” လို့ တောင်းသံကြားရတော့ ကျနော်လည်း ထမင်းထပ်တောင်းဖို့ သံတိုင်နားကပ်ပြီး အခြေနေကို ကြည့်နေလိုက်တယ်။

“အေး အေး ပေးမယ် ရှေ့တိုးလာခဲ့။ သံတိုင်နား ကပ်လာခဲ့”လို့ ခေါ်သံကြားတော့ ကျနော်လည်း ထမင်းပန်းကန် ကိုင်ပြီး စောင့်ကြည့်နေချိန်မှာပဲ “ဖောင်းခနဲ”အသံနဲ့အတူ ငယ်ထိပ်ကို ထမင်းကော်တဲ့ သံဂေါ်ကြီးနဲ့ ရိုက်ချလိုက်တယ်။ အရိုက်ခံရတဲ့ နိုင်ကျဉ်းဟာ ဖင်ထိုင်ကျပြီး လဲခွေသွားတယ်။ တပြိုင်တည်းပြောလိုက်တာက “ဒီပုံစံထက်ပိုတောင်းရင် ထမင်းတော့ မရဘူး။ သံယောက်မပဲ ရမယ်” တဲ့။ ကျနော်လည်း မြင်ရတဲ့မြင်ကွင်းကြောင့် ထမင်းမတောင်းရဲတော့ဘူး။ ဒါတောင် ကျနော်ရှေ့ရောက်တော့ “မင်းရော ထမင်းထပ်ယူအုံးမလား”တဲ့။ ကျနော်လည်း ခေါင်းကို တွင်တွင်ယမ်းရင်း နောက်ပြန်လှည့်ခဲ့ရတော့တာပါပဲ။ 

ဒီမှာကြုံလို့ တခုထပ်ပြောရအုံးမယ်။ ကျနော်တို့ထက်စောပြီး ဘိုကလေးကရင် ၃၀၀ လောက် ထောင်ပြောင်းခံရတယ်။ လယ်သမား၊ အလုပ်သမား၊ သစ်မြစ်တူးသူ အလုပ်ကြမ်းသမားတွေ အများဆုံး ပါလာတယ်။ သူတို့က ငါးပိနဲ့ အတို့အမြှုပ်ပါရုံနဲ့တင် ထမင်း နှစ်ဇလုံလောက် စားနိုင်ကြသူတွေလေ။ ထမင်းစားဇွန်းနဲ့ ၁၂ ဇွန်းပဲ စားရတော့ ဘယ်မှာ တင်းတိမ်နိုင်ပါမလဲ။ အဲ့ဒီမှာ အာဟာရပြတ်ပြီး ဘိုကလေးကရင်တွေ ရာချီပြီးသေဆုံးသွားခဲ့ကြောင်းကိုတော့ မြင်းခြံထောင်ရဲ့ တုန်လှုပ်ဖွယ်ရာ ပုံပြင်တပုဒ်လို ပြန်ပြောလေ့ရှိခဲ့တယ်။

တညမှာတော့ ထောင်အစောင့်မျှော်စင်နဲ့နီးတဲ့ အခန်းမှာ အော်သံတခုကို သဲ့သဲ့ကြားလိုက်ရတယ်။ မျှော်စင်တာဝန်ကျဝန်ထမ်းက “ဟိတ်ကောင် ဘာတွေ အော်နေတာလဲ” လို့ မေးတော့ “ထမင်းဆာလွန်းလို့ပါဗျာ” ဆိုတဲ့ တိုးညှင်းသံကို ခပ်ဝါးဝါးကြားလိုက်ရတယ်။ အခန်းချင်း ကပ်နေပေမယ့် ကိုယ်လည်း ဘာမှမတတ်နိုင်။ တကယ်တော့ ကိုယ်တိုင်ကလည်း ‘ဗိုက်ဆာ’ နေလို့ အိပ်မပျော်ဖြစ်နေခဲ့တာပဲလေ။ ကိုယ့်အပူနဲ့ကိုယ် ဖြစ်နေခဲ့တာ။ ခဏကြာတော့ လှရွှေလို့ ခေါ်တဲ့ အခန်းကပ်ရက်လူလည်း ငြိမ်သက်သွားတယ်။ ကိုယ်ကလည်း ဗိုက်ဆာလိုက်၊ ရေသောက်လိုက်၊ ရှူးပေါက်လိုက်နဲ့ နိုးတဝက်တွေနဲ့ပဲ တညတာကုန်ဆုံးသွားခဲ့တယ်။

နောက်ရက် မနက်စောစော ပုံစံမထိုင်ရခင်မှာ “ပုံစံ၊ နောက်လှည့်ထိုင်”လို့ အော်သံနဲ့အတူ ကပ်ရက်အခန်းကို တံခါးဖွင့်သံ ကြားလိုက်ရတယ်။ နောက်လှည့်ရာကနေ အသာငဲ့ကြည့်လိုက်တော့ လှရွှေကြီးအလောင်း ထုတ်သွားတာ တွေ့လိုက်ရတယ်။ ရင်ထဲမကောင်းဘူး။ လှရွှေကြီးရဲ့ “ဗိုက်ဆာလို့ပါဗျာ။ ထမင်းဆာလွန်းလို့ပါဗျာ” ဆိုတဲ့အသံက နားထဲကမထွက်ဘူး။ ဘယ်တော့ ကိုယ့်အလှည့် လာလေမလဲလို့ စဉ်းစားရင်းအဝေးက မိသားစုကို သတိလိုက်တယ်။ အဲဒီအချိန် စိတ်ထဲ တောင့်တမိတာက ‘အိမ်ထမင်း၊ အိမ်ဟင်း’ မဟုတ်တော့ဘူးလေ။ “ဗိုက်ပြည့်အောင် စားချင်တဲ့ဆန္ဒ”ပဲ ရှိတော့တယ်။

အဲဒါ ပုံပြင်မဟုတ်ဘူး။ လုပ်ကြံဖန်တီးပြောတာ မဟုတ်ဘူး။ ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရတာတွေ။ မြင်းခြံထောင်မှာ နေဖူးသူတိုင်း သိနေကြတယ်။ ခံစားဖူးကြတယ်။ ဗိုက်ဆာတဲ့ဒဏ် အားလုံးခံကြရတယ်။ အားလုံး ထမင်းငတ်ဖူးခဲ့ကြတယ်။ အဲဒီခံစားစိတ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ “ထမင်းအစစ် စားချင်တယ်” ဆိုတဲ့အပေါ်မှာ အဟောင်းတွေ အသစ်ဖြစ်လာသလို ရင်ထဲမှာ ‘စူးစူးနစ်နစ်’ ခံစားလိုက်ရတယ်။ ဒါတွေဟာ တကယ်ဖြစ်ခဲ့တာပါ။

မကြာမီကလည်း ဒေါ်စုကို ထောင်ဝတ်စုံနဲ့ပုံ မြင်လိုက်ရတယ်။ ထောင်ထမင်း ထောင်ဟင်း ကျွေးပြီး နှိပ်စက်နေပြီလို့ ထင်လာတယ်။ ‘တာလဘောနဲ့ငပိဖုတ်’ မဟုတ်ပါစေနဲ့။ အရည်သွေးမြင့် စိန်တပွင့်လို တလက်လက်တောက် တောက်ပပြီး စူးရှတဲ့မျက်ဝန်းအစုံရဲ့ အရောင်တွေ အရင်လို တဖျတ်ဖျတ် ကွန့်မြူးနေသေးရဲ့လား။ အရောင်မဲ့မဲ့ မှိန်ဖျော့သွားပြီလား။ ထမင်းရော လောက်လောက်ငငမှ ရှိပါလေစ။ ဒါတွေကို တွေးမိရင်း ‘ကိုယ်ချင်းစာ နာမိခဲ့ရပြီ’ ပဲလေ။ ဒေါ်စုတယောက် ကျန်းမာစွာနဲ့ အမြန်ဆုံး “ထမင်းအစစ် စားနိုင်ပါစေ” လို့ပဲ ဆုတောင်းနေမိပါတော့တယ်။ 

ဂန္ထဝင်မောင်ထူး

//
More News
Up