ထိုင်းဆန္ဒပြပွဲ အကြမ်းဖက်မှုအထိ ဦးတည်နိုင်ဟု လုံခြုံရေးကောင်းစီ သတိပေး

ပြီးခဲ့တဲ့ လက ဘန်ကောက်ပိတ်ဆို့မှု စစ်ဆင်ရေး ပြုလုပ်စဉ်

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေနဲ့ လယ်သမားတွေ ပူးပေါင်းပြီး ယင်းလပ်အစိုးရကို ရာထူးကနေ နုတ်ထွက်ပေးဖို့ ဖိအားပေး ဆန္ဒပြနေတာတွေဟာ အကြမ်းဖက်မှုတွေအထိ ဦးတည်သွားနိုင်ချေ ရှိတယ်လို့ အမျိုးသားလုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က သတိပေးထားပါတယ်။

Thai Protestဖေဖော်ဝါရီ ၁၀ ရက် ဒီနေ့မှာတော့ လယ်သမားထောင်ပေါင်းများစွာဟာ အစိုးရဆီက ရဖို့ ရှိတဲ့ စပါးဖိုးငွေကို တောင်းဆိုရုံသက်သက် မဟုတ်တော့ဘဲ အစိုးရတဖွဲ့လုံး နုတ်ထွက်ဖို့ ကာကွယ်ရေးဌာနရဲ့ အမြဲတမ်း အတွင်းဝန်ရုံးရှေ့မှာ ဆန္ဒပြကြပါတယ်။

အစိုးရရဲ့ စပါးဝယ်ယူရေး အစီအစဉ်မှာ လယ်သမား ၁ သန်းကို  စပါးဖိုး ထိုင်းဘတ်ငွေ ၁၃၀ ဘီလီယံ အကြွေးတင်နေပါတယ်။

အစိုးရဘက်က ရက်ရွှေ့၊ လရွှေ့လုပ်နေတဲ့အတွက် လယ်သမားတချို့က စိတ်မရှည်နိုင်ဘဲ ဒေါသထွက်နေကြပါတယ်။

ဘန်ကောက်မှာ စပါးဖိုးရဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ လယ်သမားတွေဟာ  ခရိုင် တော်တော် များများကနေ တက်လာကြတာ ဖြစ်ပါတယ်။ တချို့က  ပွေးထိုင်းပါတီရဲ့ အမာခံ နယ်မြေက လယ်သမားတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့က အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေ စခန်းချနေတဲ့ ဘန်ကောက်မြို့အပြင်ဘက် နွန်ထဘူရီခရိုင်ထဲက သပိတ်စခန်းတခုမှာ လက်ပစ်ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆေးရုံအရာရှိတွေက ပြောပါတယ်။

၃ လကြာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်း အမည်မသိသူတွေရဲ့ ချောင်းမြောင်း ပစ်ခတ်မှုတွေနဲ့ အဓိကရုဏ်းတွေကြောင့် လူ ၁၀ ဦး သေဆုံးသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့ ရွေးကောက်ပွဲနောက်ပိုင်း အခြေအနေတွေ အရင်ထက် ငြိမ်သက်နေပေမယ့် လယ်သမားတွေနဲ့ ဆန္ဒပြသမားတွေ ပေါင်းမိပြီး ဆန္ဒပြပွဲတွေ အရှိန်မြင့်ပြီး ထိန်းမနိုင် သိမ်းမရဖြစ်မှာကို အမျိုးသားလုံခြုံရေးကောင်စီက စိုးရိမ်နေပါတယ်။

//
More News
Up