ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အင်းဝင် (၁၀) လမ်းထိပ်အနီး ဆေးဆိုင်တစ်ဆိုင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက် ည ၉ နာရီပတ်ဝန်းကျင်မှာ ပစ်ခတ်သံတစ်ချက်ကြားရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးကို ထိမှန်သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ “Htun” ပင်လယ်စာဆိုင်ဖွင့်ထားသူတစ်ဦးဖြစ်ပြီး ဖေဖော်ရီ၁၇ ရက်ဝန်းကျင်မှာ မီးဖွားတော့မယ်လို့ သိရပါတယ်။
အဆိုပါညက အမှတ် ၂ ရဲစခန်းမှာ ဗုံးပေါက်မှုဖြစ်ပွားခဲ့ပြီး သိပ်မကြာခင်မှာပဲ ရဲတပ်ဖွဲ့တွေက ရမ်းသမ်း ပစ်ခတ်တာတွေပြုလုပ်ခဲ့သလို ဖြတ်သွား ဖြတ်လာလုပ်တဲ့ လူငယ်တစ်ဦးကိုလည်း ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
အခုလို သေဆုံးတာနဲ့ပတ်သက်လို့ ရဲမှုခင်းဖွင့်ချက်မှာ ချော်လဲပြီး သေဆုံးတာလို့ ရေးထားပေမယ့် မှုခင်းဓာတ်ပုံမှာတော့ ကိုယ်တွင်းဖောက်ထွင်း ဒဏ်ရာတွေနဲ့တွေ့မြင်ရတယ်လို့ အဆိုပါသေဆုံးမှုနဲ့ပတ်သက်ပြီး ကိုယ်တိုင်သွားရောက်အတည်ပြုခဲ့သူတစ်ဦးက ပြောပါတယ်။