Home
မြန်မာသတင်း
ကာလုံအစည်းအဝေးခေါ်ယူပြီး စစ်တပ်အာဏာသိမ်းသက်တမ်း ၆ လထပ်တိုး၊ ပြည်သူကို ကာကွယ်မှုမပေးနိုင်ခဲ့ဟု စစ်ခေါင်းဆောင် ဝန်ခံ
DVB
·
January 31, 2022

နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင် အာဏာသိမ်းယူခဲ့တဲ့  ၁ နှစ်ပြည့်ဖို့ တရက်အလို ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကို ခေါ်ယူကျင်းပပြီး စစ်တပ်အာဏာသိမ််း သက်တမ်းကို နောက်ထပ် ၆ လ ထပ်တိုးလိုက်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်တပ်က နိုင်ငံတော်အာဏာသိမ်းခဲ့ရတဲ့  အခြေအနေနဲ့  ၁ နှစ်ပြည့် တာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ကာလုံအစည်း အဝေးမှာပြောကြားခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာထားတဲ့  ကာလကို သက်တမ်းတိုးမြှင့်ပေးဖို့ တင်ပြခဲ့တာဖြစ်ပါတယ်။

ဒီတင်ပြချက်နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ နဲ့အညီ အရေးပေါ်အခြေအနေကြေညာထားတဲ့ ကာလကို  ၆ လထပ်မံသက်တမ်းတိုးမြှင့်ဖို့  ယာယီသမ္မတ ဦးမြင့်ဆွေ ကစတင်ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်တွေက အလှည့်ကျ ဆွေးနွေးကြပြီး သဘောတူထောက်ခံ အတည်ပြုတင်ပြကြတာလို့ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျွန်တော်တို့ပြီးခဲ့တဲ့ ကာလအတွင်းမှာ  ပဋိပက္ခတွေဖြစ်ပွားတဲ့အခါမှာ  တတ်နိုင်သလောက် သွေးထွက်သံယိုမှုအနည်းဆုံး၊ အာဃာတတရားအနည်းဆုံးဖြစ်အောင် ရည်ရွယ်ပြီးတော့မှ ထိန်းသိမ်းဆောင်ရွက်ခဲ့တာရှိပါတယ်၊ အထူးသဖြင့် ပြည်သူများကို ကာကွယ်တဲ့နေရာမှာ ပြည်သူများအားလုံးကို ကျွန်တော်တို့ ကာကွယ်မှုမပေးနိုင် တာတော့ ရိုးသားစွာဝန်ခံပါတယ်။ ဒါကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော်သား တွေကိုလည်း လိုအပ်တဲ့နေရာမှာ တစ်နိုင်ငံလုံးဖြန့်ကျက်ပြီး ဆောင်ရွက်ရတဲ့အတွက်ကြောင့် ကျွန်တော်တို့ဒီမှာ ပြည်သူအားလုံးကိုလည်း အလုံးစုံကာကွယ်မှုတော့ မပေးနိုင်ခဲ့ပါဘူး၊ တချို့ပြည်နယ်နှင့်တိုင်းများဖြစ်တဲ့၊ အခုအခြေအနေမှာ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအချို့မြို့နယ်တွေမှာ အကြမ်းဖက်မှုဖြစ်စဉ်များ ရှိနေဆဲဖြစ်ပါတယ်၊ ဒါကိုလည်း အတတ်နိုင်ဆုံးဆောင်ရွက်လျက်ရှိပါတယ်”လို့ အစည်းအဝေးမှာ ပြောပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေကလည်း စစ်ကောင်စီလက်ထက်တွင် အခက်အခဲပေါင်းစုံကြားမှ စနစ်တကျစီမံဆောင်ရွက်လို့ ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်ခဲ့တာကြောင့် ထိုက်သင့်သလောက်တိုးတက်မှုရှိခဲ့ကြောင်း ကောင်စီဝင်တွေ အားလုံးကြိုးပမ်းဆောင်ရွက်မှုကြောင့်  အခက်အခဲများမှ တိုးတက်လာခြင်းဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပမှ အဖျက်အမှောင့်များမရှိပါက ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူတွေရဲ တင်ပြချက်တွေအရ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလကို ၆ လသက်တမ်းတိုးလိုက်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ကာလုံအစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  စစ်ကောင်စီခန့် ဝန်ကြီးတွေဖြစ်တဲ့ ကာကွယ်ရေးဝန်ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကောငင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ကျန်းမာရေးအခြေ အနေအရ အစည်းအဝေး မတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကလည်း ဒုသမ္မတ ဦးမြင့်ဆွေ ၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် ၇ ဦးက ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး တရားမဝင်အာဏာသိမ်းယူခဲ့တာပါ။

အာဏာသိမ်းပြီးခါစက နိုင်ငံတော်အာဏာကို ၁ နှစ်သာ ထိန်းသိမ်းပေးထားမယ်လို့ စစ်ခေါင်းဆောင်က ကတိပြုခဲ့ပေမဲ့ အခုအာဏာသိမ်း သက်တမ်း ၁ နှစ်ရှိလာချိန်မှာ နောက်ထပ်  ၆ လ သက်တမ်းထပ်တိုးဖို့  ကာလုံအစည်းအဝေးကို ထပ်ခေါ်ခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အာဏာသိမ်းယူထားတဲ့ သက်တမ်း ထပ်တိုးသွားမယ်လို့ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက  ဇန်နဝါရီ ၁၄ ရက် ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာကတည်းက  ပြောထားပါတယ်။

စစ်တပ်စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ အရေးပေါ် အခြေအနေမှာ  နိုင်ငံတော်သမ္မတကသာ စစ်တပ်ကို အာဏာလွှဲပေးခွင့်ရှိတာဖြစ်ပါတယ်။  စစ်တပ်အာဏာ သိမ်းချိန်ဟာ နိုင်ငံတော်မှာအရေးပေါ် အခြေအနေမဟုတ်သလို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ဟာလည်း ကျန်းမာစွာနဲ့ နိုင်ငံတော် တာဝန်တွေကို ပုံမှန်ထမ်းဆောင်နေချိန်ဖြစ်ပြီး အစိုးရသက်တမ်းလည်း ကုန်ဆုံးခြင်း မရှိသေးလို့ ဥပဒေနဲ့ မညီဘူးလို့  ဥပဒေကျွမ်းကျင်သူတွေက ဝေဖန်ခဲ့ကြတာပါ။

စစ်ကောင်စီ တရားမဝင်အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လာရောက် ဖမ်းဆီးစဉ် ကျန်းမာရေးအကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်ခိုင်းခဲ့ ကြောင်း၊ စစ်တပ်အနေနဲ့ ဥပဒေနဲ့အညီပဲ လုပ်သင့်ပြီး အာဏာမသိမ်းသင့်ပါဘူးလို့ ပြောခဲ့တဲ့ အကြောင်း သမ္မတ ဦးဝင်းမြင့်က တရားခွင့်မှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ 

စစ်တပ်ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းသက်တမ်းတိုးတာနဲ့ ပတ်သက်ပြီလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ ပုဒ်မ ၄၂၁ မှာ နိုင်ငံတော်သမ္မတအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းကိုပေးအပ်ထားတဲ့တာ၀န်ကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြင့်ပေးရန် အကျိုးအကြောင်းဖော်ပြပြီး တင်ပြလာပါက ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်။

အာဏာသိမ်းယူခဲ့တဲ့  ၁ နှစ်ပြည့်ချိန်အထိ မြန်မာနိုင်ငံ တဝန်း ပြည်သူလူထုတွေက စစ်အာဏာရှင်ကို  ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြကန့်ကွက်နေကြသလို လက်နက်ကိုင် တော်လှန်နေကြတာလည်းရှိပါတယ်။

မနက်ဖန် ဖေဖော်ဝါရီ ၁ ရက်နေ့ မှာ စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ပြည်လုံးကျွတ် အသံတိတ်သပိတ်နဲ့ ဆန္ဒထုတ်ဖော်ကြဖို့ ပြင်ဆင်နေကြသလို စစ်ကောင်စီကလည်း နည်းမျိုးဆုံးနဲ့ ခြိမ််းခြောက် တားဆီးမှုတွေ တပ်ထောက်ခံပွဲတွေ တန်ပြန်ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

Photo- DSINFO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024