ညောင်တုန်းမြို့နယ်၌ အသံတိတ်သပိတ် မပါဝင်ရန် စစ်ကောင်စီက ခြိမ်းခြောက်ဖိအားပေး

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ အသံတိတ်သပိတ်မှာပါဝင်ကြဖို့ နှိုးဆော်စာတွေ ဖြန့်ဝေပြီးနောက်ပိုင်း ရဲတွေက စောင့်ကြည့်နေသလို  စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ခြိမ်းခြောက်ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် အသံတိတ်သပိတ်မှာ ညောင်တုန်းမြို့နယ်က တက်တက်ကြွကြွပါဝင်ခဲ့တာကြောင့် အခု ပိုပြီး ဖိအားပေးနေတာလို့လည်း ဆိုပါတယ်။

ဒေသခံတယောက်က“အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ မနေ့မနက်ပိုင်းက ညောင်တုန်း PDF က လမ်းတွေမှာ စာတွေ ဖြန့်ကြဲခဲ့တယ်။ အဲဒါကြောင့်ထင်တယ်။ မြို့ပေါ်က ဈေး၊ လမ်းဆုံတွေနဲ့ လူသွားလူလာများတဲ့နေရာတွေမှာ ရဲတွေက အရပ်ဝတ်နဲ့ရော ယူနီဖောင်းနဲ့ပါ စောင့်ကြည့်နေကြတယ်။ ကင်းပတ်တာတွေလည်းရှိတယ်။ စစ်သားတွေကလည်း အသံတိတ်သပိတ်မှာ မပါဖို့ ဈေးဆိုင်တွေကို ဖိအားပေးတယ်” လို့ ပြောပါတယ်။

ညောင်တုန်းမြို့ပေါ်၊ တာကွေ့ရွာနဲ့ ဆားမလောက်ရွာ၊ ကြိမ်ပင်ဆည်ရွာတို့မှာ စစ်သားနဲ့ သူတို့လက်အောက်ခံဌာနတွေက ဈေးဆိုင်တွေကို ဖိအားပေးနေကြတာ ၂ ရက်ရှိပြီလို့လည်း ဆိုပါတယ်။

စစ်တပ်လက်အောက်ခံ ညောင်တုန်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလည်း အသံတိတ်သပိတ်အကြောင်း ဖြန့်ဝေတာ၊ NUG ကို ထောက်ခံတဲ့အနေနဲ့ အသံတိတ်သပိတ်မှာပါဝင်တာ၊ ဆိုင်တွေပိတ်တာ၊ သံပုံးတီးတာ၊ ကားဟွန်းတီးတာ၊ လက်ခုပ်တီးတာနဲ့ တခြားတနည်းနည်းနဲ့ ဆန္ဒမထုတ်ဖော်ကြဖို့ ပုဒ်မ ၁၄၄ နဲ့ တားမြစ်စာ ထုတ်ထားပါတယ်။

//
More News
Up