လွိုင်ကော်မြို့အနီး တိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲ

ကယားပြည်နယ် လွိုင်ကော်မြို့အနီးမှာ ဇန်နဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၅၀ လောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။

လွိုက်ကော်မြို့ ကျောင်းကုန်းရွာနဲ့ ကုန်းဆွတ်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအင်အား ၁၅၀ လောက်ကို  ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အလစ်အငိုက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲဟာ ဇန်နဝါရီ ၂၈ ရက် ညနေ ၃ နာရီဝန်းကျင်ကဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြာမြင့်ချိန် ၄၅ မိနစ်လောက် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားအပြီး ညနေ ၅ နာရီလောက်အချိန်မှာတော့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာကို တိုက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်အကျအဆုံးမရှိဘူးလို့ လွိုက်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ကို လွိုက်ကော် ပြည်သူ့ကာကွယ်ရေးတပ်ခွဲ ၅ နဲ့ KNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဇန်န၀ါရီ ၂၄ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်အနီးနဲ့ လွိုက်ကော်မြို့၊ ၅ မြောင်းအနီး စုစုပေါင်းနှစ်နေရာမှာ  စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံးရှိခဲ့ပြီး လွိုက်ကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်က ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကယားပြည်နယ်က ကျေးရွာတွေအတွင်းမှာ ကျေးရွာသားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုတာ၊ အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာ ၊ ကျေးရွာနေအိမ်တွေအတွင်းက အဖိုးတန်ပစ္စည်းတွေကို လုယူတာတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo လွိုက်ကော်pdf

//
More News
Up