Home
မြန်မာသတင်း
မောင်တောမြောက်ပိုင်းတွင် ရခိုင်လူငယ် ၃၁ ဦးကို စစ်ကောင်စီက ဖမ်းဆီး
DVB
·
January 29, 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာရှိ နယ်ခြားစောင့်တပ်ဖွဲ့ အမှတ် ၂၄ စစ်ဆေးရေးစခန်းဂိတ်မှာ ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းက ရခိုင်လူငယ် ၃၁ ယောက်  ဖမ်းဆီးခံခဲ့ရပါတယ်။

အဆိုပါလူငယ် ၃၁ ယောက်ဟာ ဇန်နဝါရီ ၂၇ ရက်ညနေပိုင်းက ကားနှစ်စီးနဲ့ မောင်တောမြို့နယ်မြောက်ပိုင်းကို သွားရောက်စဥ် ကြိမ်ချောင်း ၂၄ ဂိတ်မှာ စစ်ကောင်စီက မသင်္ကာလို့ စစ်ဆေးရာက အဖမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက “မနေ့ (ဇန်နဝါရီ ၂၇ ရက်) က ၄ နာရီကျော်လောက်မှာ ကြိမ်ချောင်း စစ်ဆေးရေးဂိတ် ဖမ်းဆီးလိုက်တာ။ ဒီနေ့အထိမလွှတ်ပေးသေးဘူး။ နှစ်ဖက်ညှိနှိုင်းနေကြတယ်လို့တော့ သိရတယ်။ ဒါပေမဲ့ အခုထိတော့ ဘာမှထူးခြားမှုမရှိသေးဘူး။ အခုတော့ သူတို့ကို ကျီးကန်းပြင် ဌာနချုပ်ကို ခေါ်သွားတယ် သိရတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အေအေသင်တန်းတက်ဖို့ သွားရောက်တဲ့ လူငယ်တွေဖြစ်ကြောင်း ဒေသအတွင်း သတင်းထွက်ပေါ်နေပေမဲ့ ဒီဗွီဘီအနေနဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ  ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းပေမယ့် ဖြေကြားခြင်းမရှိသေးပါဘူး။

အေအေဟာ  ၂၀၁၉-၂၀၂၀ ခုနှစ်တွေအတွင်း ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ တိုက်ပွဲတွေအပြင်း အထန်ဖြစ်ပွားခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ကာ လတ်တလောမှာတော့ နှစ်ဖက်တပ်တွေအနေနဲ့ ယာယီ အပစ်ခတ်ရပ်စဲထားကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024