Live
Home
မြန်မာသတင်း
ပြည်တွင်း ရွှေနှင့်ငွေကြေးစျေးကွက်ကို ကြပ်မတ်ရန် စောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့မည်
DVB
·
January 27, 2022

ပြည်တွင်း ရွှေနဲ့ ငွေကြေးစျေးကွက်ကို စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ဖို့ စောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့မယ်လို့  စစ်ကောင်စီက  ကြေညာပြီးနောက် အရောင်းအဝယ်တွေ အေးသွားတယ်လို့ ဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

ပြည်တွင်းရွှေစျေးကွက်အတွင်း စျေးကစားဖို့ ရည်ရွယ်ချက်နဲ့ ရောင်း၊ဝယ်မှုတွေကို စိစစ်ဖော်ထုတ်နိုင်ရေးအတွက် အရောင်းအဝယ်စာရင်းတွေကို လိုအပ်သလို စစ်ဆေးတာ၊ ဗဟိုဘဏ်မှထုတ်ပြန်ထားသော ငွေပေးချေမှုစည်းမျဉ်းတွေကို လိုက်နာမှု ရှိ မရှိ စစ်ဆေးတာ၊ ပြည်တွင်းရွှေစျေးကွက်တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့ရည်ရွယ်ချက်နဲ့ ဆောင်ရွက်သူတွေကို စိစစ်ဖော်ထုတ်ပြီး တည်ဆဲဥပဒေနဲ့အရေးယူဆောင်ရွက်ဖို့နဲ့  နိုင်ငံခြားငွေကြေး တရားမဝင်ကိုင်ဆောင်တာ၊ ဥပဒေမဲ့ အရောင်းအဝယ်ပြုလုပ်တာ၊ စျေးကစားတာ ပြုလုပ်သူတွေကို စစ်ဆေးဖော်ထုတ်ပြီး အရေးယူမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

နိုင်ငံခြားငွေကြေးတရားဝင်ရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ လုပ်ငန်းရှင်တဦးက “ကျနော်တို့ မြင်တာကတော့ လိုအပ်ချက်ကြောင့် လုပ်တဲ့ သဘောပေါ့နော်။ ရွှေနဲ့ငွေကို ကစားတဲ့သူ ရှိရင် သူတို့ကို စောင့်ကြည့် အရေးယူမယ့် သဘောလို့ မြင်ပါတယ်။ သာမန် အရောင်းအဝယ်၊ ပုံမှန် အရောင်းအဝယ်သမားတွေကတော့ ဒီလောက် ပြဿနာ မရှိလောက်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ လူတွေကတော့ ဘာပဲပြောပြော နည်းနည်း ရှိန်တော့ ရှိန်တာ ပေါ့နော်။ စောင့်ကြည့်အရေးယူဖို့အတွက် အဖွဲ့ ဖွဲ့တယ်ဆိုတော့။ ဘာပဲပြောပြော လုပ်နေတဲ့ သူတွေကတော့ သတိထား ရမှာပေါ့နော်။ တချို့ဟာတွေက သူတို့ သတ်မှတ်ထားတဲ့ ဘောင် မဝင်ရင် ပြဿနာရှိလာနိုင်လေ။ ပြီးတော့ ဒီလိုလုပ်တဲ့အတွက် စျေးကွက်မှာ စျေးဝင်ကစားမယ့်သူတွေ အတွက် နည်းနည်းတော့ရှိန်သွားမှာပေါ့။ ကျနော်တို့ ဆီမှာ ဘာပဲပြောပြော လုပ်ငန်းလုပ်တဲ့သူတွေက ကြောက်ကြတယ်လေ။ အဲ့တော့ အခုလို လုပ်လိုက်တဲ့အတွက် အရင်လို ရောင်းတဲ့၊ဝယ်တဲ့နေရာတော့ ခက်သွားတာပေါ့ဗျာ။ တိုက်ရိုက် မဟုတ်ရင်တောင် သွယ်ဝိုက်နည်းဖြင့်တော့ သက်ရောက်မှုက ရှိနိုင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရွှေဝယ်ရောင်းလုပ်ကိုင်နေသူတဦးကလည်း “ဒီသတင်းထွက်ပေါ်လာတဲ့အပေါ်မူတည်ပြီးတော့ ရွှေအရောင်းအဝယ် လောကမှာတော့ အရောင်းအဝယ်က နည်းနည်း လျှော့သွားတာပေါ့။ ဒီသတင်းကြောင့် စောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့ဆိုတာက ငါတို့ကို ဖမ်းမှာလား၊ဆီးမှာလား ဆိုပြီး ရွှေလောကသားတွေမှာ သံသယဝင်သွားတဲ့အတွက်ကြောင့် လုပ်ငန်းတွေ လျှော့သွားတယ်။ ဒါကြောင့် တော်ရုံသဖြင့် ဝယ်မယ်၊ ရောင်းမယ်ဆိုတဲ့ သူတွေ (ဥပမာ) ၅ ပိုင်း ဝယ်မယ့် သူက ၁ ပိုင်းပဲ ဝယ်တော့တာမျိုးပေါ့။ နောက်တချက်ကလည်း လွန်ခဲ့တဲ့ လက သူတို့ဆီက စောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့ဆိုတာ သူတို့ကိုယ်တိုင် အသင်းစျေးကွက်အပေါ်မှာ လာရောက်ကြည့်ခဲ့တာလည်း ရှိပါတယ်။ ဒီအတွက်ကြောင့် စျေးကွက်မှာ လက်ကြီးသမားတွေနဲ့ ဝင်ပြီး ဝယ်တာ၊ရောင်းတာ နည်းသွားတယ်နော်။ နည်းသွားတဲ့အတွက်ကြောင့် စျေးက အတက်၊ အကျ သိပ်မရှိခဲ့ဘူး။ ပြီးခဲ့တဲ့လနဲ့ အခုဆိုရင် စျေးက ၁၈ သိန်း နဲ့ ၃သောင်း၊ ၄ သောင်း ကနေ ၁၈ သိန်းနဲ့ ၈သောင်း ကြားမှာပဲ စျေးက ငြိမ်နေတာလေ ”လို့ ဆိုပါတယ်။

ဒီနေ့ နေ့လယ် ၂ နာရီခွဲမှာ  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ အချက်အလက်အရ ပြည်တွင်းအကယ်ဒမီရွှေစျေးက ၁ ကျပ်သားကို ၁၈ သိန်း ၇ သောင်း ၁ ထောင် ကျပ်ရှိပြီး ကမ္ဘာ့ရွှေစျေး က ၁အောင်စကို အမေရိကန်ဒေါ်လာ ၁၈၁၀ ရှိပါတယ်။

အလားတူ နိုင်ငံခြားငွေကြေးစျေးကွက်မှာ အမေရိကန် ၁ဒေါ်လာတန်ဖိုးက ဗဟိုဘဏ် ရည်ညွှန်းငွေလွှဲနှုန်းက ၁၇၇၈ ကျပ် ဖြစ်ပြီး ငွေလဲကောင်တာတွေမှာ ဝယ်စျေး ၁၇၈၁ ကျပ် နဲ့ ရောင်းစျေး ၁၇၈၆ ကျပ် ရှိပါတယ်။ ဒါပေမဲ့ ဒီငွေလဲနှုန်းနဲ့ အရောင်းအဝယ်မရှိပါဘူး။ အပြင်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ စျေးက ဝယ်စျေး ၁၉၆၀ ကျပ် နဲ့ ရောင်းစျေး ၁၉၉၀ ကျပ် ရှိပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024