လာမယ့် ဖေဖော်ဝါရီ ၁ ရက် တရုတ်နှစ်သစ်ကူးနေ့မှာ စစ်ကောင်စီက ဈေးဆိုင်တွေကို အတင်းအကျပ် ဖွင့်ခိုင်းနေတဲ့အတွက် တနင်္သာရီတိုင်း၊ မြိတ်မြို့မှာရှိတဲ့ တရုတ်လူမျိုး ဈေးဆိုင်ပိုင်ရှင်တွေ အခက်အခဲနဲ့ ကြုံတွေ့ နေကြရပါတယ်။
မြိတ်မြို့က ဈေးဆိုင်ပိုင်ရှင်အများစုဟာ တရုတ်လူမျိုးတွေပိုင်ဆိုင်တဲ့ ဈေးဆိုင်တွေဖြစ်ကြပြီး ပိတ်တဲ့ဆိုင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီက ခေါ်ယူ သတိပေးခဲ့တာကြောင့် နှစ်စဉ်နှစ်တိုင်း ရိုးရာနှစ်သစ်ကူးပွဲတော်ကို ဈေးဆိုင်ပိတ်ပြီး ကျင်းပလေ့ရှိတဲ့ ဆိုင်ပိုင်ရှင်တွေ အခက်တွေ့နေကြတာ ဖြစ်ပါတယ်။
အခုနှစ်မှာတော့ တရုတ်နှစ်သစ်ကူးနေ့ဟာ စစ်တပ်အာဏာသိမ်းမှု ၁ နှစ်ပြည့်ချိန် ပြည်သူလူထုက အသံတိတ်သပိတ် Silence Strike ပြုလုပ်ဆန္ဒပြကြမယ့်နေ့နဲ့လည်း တိုက်ဆိုင်နေတာကြောင့် မြိတ်မြို့မှာရှိတဲ့ တရုတ်ဈေးဆိုင်ပိုင်ရှင်တွေအနေနဲ့ အခက်အခဲတွေ့နေကြတယ်လို့လည်း ဆိုပါတယ်။
မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့က မြိတ်မြိုကားဝင်းအတွင်းမှာရှိတဲ့ ဈေးဆိုင်ပိုင်ရှင်တချို့ကို ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက မြိတ်မြို့စုပေါင်းရုံးမှာ အစည်းအဝေးခေါ်ယူပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပိတ်ထားတဲ့ဈေးဆိုင်တွေကို ဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့ သတိပေးခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၆ ရက် ညပိုင်းမှာလည်း မြိတ်မြို့နယ်ထဲက ရပ်ကွက်တွေထဲကို ဈေးဆိုင်တွေမပိတ်ဖို့နဲ့ ည ၇ နာရီနောက်ပိုင်းအပြင်မထွက်ဖို့ကို လိုက်လံ သတိပေးမှုနေတယ်လို့ မြိုခံတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်သူလူထုတွေက အသံတိတ်သပိတ် Silence Strike နဲ့ ဆန္ဒပြကြမှာဖြစ်လို့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ပါဝင်ဆောင်ရွက်ကြဖို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ နှိုးဆော်ရေးသားပြီးနောက်ပိုင်း စစ်ကောင်စီဘက်က အခုလို ဆိုင်တွေဖွင့်ဖို့ သတိပေးတာတွေ လိုက်လံပြုလုပ်နေတာလည်းဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်လူမျိုးတွေပိုင်ဆိုင်တဲ့ ဈေးဆိုင်အများစုကတော့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဈေးဆိုင်တွေပိတ်ပြီး နှစ်သစ်ကူးပွဲတော်ကို ကျင်းပသွားမယ်လို့ ပြောပါတယ်။