နောင်ချိုမြို့တွင် ရွှေဆိုင် ဓားပြတိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ကျော်ဇောလင်းရွှေဆိုင်ကို ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၂ နာရီဝန်းကျင်က ဓားပြ တိုက်ခံလိုက်ရပါတယ်။

Wish ကားအဖြူပေါ်ကနေ လူ ၄ ယောက်ဆင်းလာပြီး ရွှေဆိုင်တန်းထဲဝင်သွားကာ လက်ထဲမှာ သေနတ်တစ်လက် ကိုင်ဆောင်ထားပြီး ဆိုင်ထဲရောက်တဲ့အချိန်မှာ သေနတ်ပစ်ခတ်သံ တစ်ချက် ကြားလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက်မှာတော့ ဆိုင်ထဲက လူတွေကကြောက်လန့်ပြီး ထွက်ပြေးသွားတဲ့အချိန်မှ မှန်တံခါးတွေဖွင့်ပြီး ရွှေတွေကို အသင့်ယူလာတဲ့အိတ်အမည်းနဲ့ထည့်ကာ ပြန်ထွက်သွားကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ လုံခြုံရေးအဖွဲ့တွေရောက်ရှိလာပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။  အဲဒီလို ဓါးပြတိုက်ခံရတဲ့အတွက် ရွှေထည်တန်ဖိုး ခန့်မှန်းခြေ သိန်း ၄၀၀၀ လောက် ပါသွားပြီး နောင်ချိုမြို့မှာ အရင်က အခုလို ဖြစ်စဉ်မျိုး တစ်ခါမှမရှိဘူးလို့လည်း သိရပါတယ်။ 

အဆိုပါ ရွှေဆိုင်ဟာ ဘန့်ဘွေးရဲစခန်း အနီးမှာရှိပြီး ဓားပြလာတိုက်တဲ့ အမျိုးသား ၄ ယောက်က တော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ 

//
More News
Up