မုံရွာမြို့က ခိုးဆိုးလုယက်ကျူးလွန်သူများကို နှိမ်နင်းအရေးယူမည်ဟု မြို့ပြပြောက်ကျားအဖွဲ့ပြော

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ နေ့စဉ်လိုလို ခိုးဆိုးလုယှက်မှုတွေများပြားလာတဲ့အပေါ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက ကျူးလွန်သူတွေကို ပြင်းထန်စွာ နှိမ်နင်းအရေးယူသွားမယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် အများပြည်သူအားလုံး ဒုက္ခများစွာနဲ့ ရင်ဆိုင်နေရတဲ့ အခြေနေမျိုးမှာ အခွင့်ကောင်းယူပြီး ကျူးလွန်နေကြတာကို ခွင့်လွှတ်လို့ မရကြောင်း မုံရွာမြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Monywa Nightking အဖွဲ့ဦးဆောင်သူက ပြောပါတယ်။

“စစ်အာဏာသိမ်းမှုကြောင့် ပြည်သူအားလုံး ဒုက္ခတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလို အများပြည်သူတွေရဲ့ ဥစ္စာပစ္စည်းကို ခိုးဆိုးလုနှိုက်လုပ်တာဟာ ဘယ်လိုနည်းနဲ့မှ ခွင့်လွှတ်စရာအကြောင်းမရှိဘူး။ ကျနော်တို့က ကျူးလွန်သူ‌ကို သိရှိရရင် ပထမတစ်ကြိမ်တော့ ပညာပေးတဲ့အနေနဲ့ တစ်ပတ် ဒါမှမဟုတ် တစ်လနီးပါးချုပ်ထားတယ်။ နောက်ထပ်ကျူးလွန်တာ သိရှိရရင်တော့ သုတ်သင်ရှင်းလင်းတာတွေ လုပ်ဆောင်ပါတယ်။ အခု မုံရွာမှာ နေ့စဉ်လိုလို ခိုးဆိုးလုယက်ခံရတာတွေရှိနေတော့ ကျနော်တို့အနေနဲ့ ပြတ်သားစွာကိုင်တွယ်မှ ရတော့မှာပါ” လို့ ပြောပါတယ်။

Monywa Nightking အဖွဲ့အနေနဲ့ ခိုးဆိုးလုယှက်ကျူးလွန်သူ ၄ ဦးကို အပြစ်ထင်ရှားနေတဲ့အတွက် အရေးယူတာတွေ လုပ်ဆောင်ခဲ့သလို တခြား‌မြို့ပြပြောက်ကျားတပ်ဖွဲ့တွေကလည်း နှိမ်နင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မုံရွာမြို့မှာ ခိုးဆိုးလုယက်ဖြစ်စဥ်များအတွင်း ဖြစ်ပွားမှုအများဆုံးကတော့ ပစ္စည်းဥစ္စာ ခိုးယူခံရတာတွေဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ မြို့က နေ့စဉ်လိုလို ညစဉ်လိုလို ပြောရမှာပဲ။ ပစ္စည်းဥစ္စာအခိုးခံရတာမျိုးတွေ ရှိနေတယ်။ ကုန်ကုန်ပြောရင် လျှပ်စစ်မီးကြိုးတောင် ဖြုတ်ခိုးခံရတာ။ အိမ်တွင်းရှိတဲ့ ပစ္စည်းလည်း လူလစ်ရင် လစ်သလို အခိုးခံရတာတွေ တော်တော်များများ ဖြစ်ပွားနေတယ်။ ကိုယ့်ပစ္စည်းကို ခိုးယူနေတာတွေ့လို့ ပတ်ဝန်းကျင်ကို အော်အကူညီတောင်းရင်တောင် အသက်အန္တရာယ် ရန်ပြုသွားမှာစိုးလို့ ငြိမ်ခံနေရတဲ့ အဖြစ်မျိုးကြုံရသူတွေရှိတယ်။ ခေတ်ကာလအခြေနေအရ ဘယ်တိုင်လို့ တိုင်ရမှန်းမသိတော့ ပိုဆိုးတော့တာပေါ့” လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

မုံရွာမြို့မှာ ခိုးဆိုးလုယက်ကျူးလွန်သူများဟာ တစ်ဦးတည်းအနေနဲ့ ကျူးလွန်တာတွေရှိသလို ဂိုဏ်းဆန်ဆန်အုပ်စုဖွဲ့ ကျူးလွန်တာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

//
More News
Up