မက္ကဆီကိုနယ်စပ်တွင် LGBT စုံတွဲ အသတ်ခံရမှု စုံစမ်းစစ်ဆေးပေးရန် ဆန္ဒပြ

လိင်စိတ်ခံယူချက် ကွဲပြားသူတွေနဲ့ အမျိုးသမီးရေးဝါဒီတွေဟာ မက္ကစီနိုင်ငံ မက္ကစီကို စီးတီးမြို့မှာ ဇန်နဝါရီ ၂၅ ရက်က ဆန္ဒပြနေကြပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့ စွီဒက်ဟွာရက်မြို့မှာ LGBT စုံတွဲတတွဲ ရက်ရက်စက်စက် အသတ်ခံရတဲ့အမှုကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးဖို့ တောင်းဆို ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၆ ရက်က မက္ကဆီကိုအာဏာပိုင်တွေဟာ လမ်းဘေး အမှိုက်အိတ်ထဲမှာ တစစီဖြစ်နေတဲ့ LGBT စုံတွဲတတွဲရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို တွေ့ခဲ့ကြပါတယ်။

သေဆုံးသူတွေဟာ မြို့ခံတွေ ဖြစ်ပြီး အသက် ၂၈ နှစ်အရွယ် တာနီယာ မွန်တက်စ်နဲ့ နိုဟေမီ မေဒီနာတို့ ဖြစ်ကြောင်း ရဲက ဖော်ထုတ်ခဲ့ပါတယ်။

ကျူးလွန်သူတွေကို အပြစ်ပေးဖို့ တရားမျှတမှုရရှိဖို့ တောင်းဆိုရေး မက္ကစီကိုစီးတီးမြို့က ချီဟွာဟွာပြည်နယ် အစိုးရကိုယ်စားလှယ်ရုံးရဲ့ အပြင်ဘက်မှာ တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြခဲ့ကြပါတယ်။

စွီဒက်ဟွာရက်မြို့မှာ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ခုထိ ရာချီတဲ့ အမျိုးသမီးတွေ သတ်ဖြတ် ပြန်ပေးဆွဲခံကြရပါတယ်။ ဒီမြို့ဟာ မက္ကဆီကိုရဲ့ အကြမ်းမှုတွေ အဖြစ်ပွားဆုံး မြို့တွေထဲက တမြို့ဖြစ်လို့ စစ်မြေပြင်နဲ့ခိုင်းနှိုင်းခံရတာ ကြာနေပြီလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

//
More News
Up