ယူကရိန်းသို့ အမေရိကန် စစ်ရေးအကူအညီများ ရောက်ရှိ

စစ်ဘက်ဆိုင်ရာ စက်ကိရိယာတွေနဲ့ ခဲယမ်းမီးကျောက်တွေ တင်ဆောင်ထားတဲ့ အမေရိကန် လေယာဉ်တစီး ယူကရိန်းမြို့တော် ကိယက်ဗ်ကို ဇန်နဝါရီ ၂၅ ရက်က ဆင်းသက်ခဲ့ပါတယ်။ 

ရုရှားရဲ့ စစ်ရေးထိုးစစ် ဖြစ်နိုင်ခြေအတွက် ယူကရိန်းကို ပံ့ပိုးဖို့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန် လုံခြုံရေး အကူအညီထဲက တတိယမြောက်တင်ပို့မှုလို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

အမေရိကန်ဟာ ရုရှားရဲ့ ထိုးစစ်အသစ်ကို တန်ပြန်ဖို့ကြိုးစားတဲ့ ယူကရိန်းရဲ့ အားအကောင်းဆုံး ကျောထောက်နောက်ခံ ဖြစ်လာခဲ့တာပါ။

မနှစ်က ယူကရိန်းကို လုံခြုံရေးအကူအညီ အမေရိကန်ဒေါ်လာ သန်း ၆၅၀ ကျော် ပေးဖို့ အမေရိကန်က မနှစ်က ကတိပြုခဲ့ပါတယ်။ ဒါကြောင့် ရုရှားက ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို ကျူးကျော်ခဲ့တဲ့ ၂၀၁၄ နောက်ပိုင်းမှာ အမေရိကန်ရဲ့ ယူကရိန်းအတွက် အကူအညီဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော်သွားပါပြီ။

ရုရှားက ခရိုင်းမီးယားကိုသိမ်းပြီး ယူကရိန်းအရှေ့ပိုင်းက အစိုးရတပ်တွေကို တိုက်နေတဲ့ ခွဲထွက်ရေးသမားတွေကို ကျောထောက်နောက်ခံပေးနေကတည်းက ရုရှားရဲ့ ရည်မှန်းချက်တွေကို ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ဟာ စိုးရိမ်နေခဲ့တာပါ။ 

တကယ်လို့ ရုရှားက ယူကရိန်းကို ထပ်ပြီးတိုက်ခိုက်မယ်ဆိုရင် နစ်နာလောက်တဲ့ ဒဏ်ခတ် အပြစ်ပေးတာကို ရင်ဆိုင်ရမယ်လို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂက ရုရှားကို ပြောပါတယ်။ 

ရုရှားကတော့ ကျူးကျော်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ စွဲချက်ကို ငြင်းပါတယ်။ အနောက်နိုင်ငံတွေရဲ့ တုံ့ပြန်ချက်ဟာ ရုရှားက ရန်စသူ မဟုတ်ဘဲ ပစ်မှတ်ထားခံနေရတာဆိုတဲ့ သက်သေပဲလို့လည်း  ရုရှားက ကိုးကား ပြောဆိုပါတယ်။

//
More News
Up