ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာ ၁၅၄ ယောက်ကို လမ်းပြတယောက်နဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
သူတို့ဟာ ထိုင်းနိုင်ငံတွင်းကို နယ်စပ်ကတဆင့် ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် ကင်းလှည့်တပ်ဖွဲ့က ကန်ချနဘူရီခရိုင်တွင်း နေရာ ၃ ခုမှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
ဖမ်းမိသူတွေထဲမှာတော့ အမျိုးသား ၁၀၄ ယောက်နဲ့ အမျိုးသမီး ၅၄ ယောက်ပါဝင်ပြီး မြန်မာနိုင်ငံ ဘုရားသုံးဆူ၊ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ထားဝယ်ဒေသတွေအသီးသီးက ပါဝင်ပြီး ထိုင်းနိုင်ငံ ဆမွတ်စာခွန်၊ ဆမွတ်ဆောင်ကရန်၊ ချွန်ဘူရီနဲ့ ဘန်ကောက်ဒေသအသီးသီးမှာ အလုပ်ရမယ်ဆိုပြီး ခုလိုဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
ရဲတွေက စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ဟာ ပွဲစားခတယောက်ကို ဘတ် ၁ သောင်းခွဲ ကနေ ၃ သောင်းအထိ ပေးခဲ့ကြရပြီး တချို့ကတော့ ထိုင်းကိုရောက်မှ ပေးမယ်ဆိုတဲ့ ကတိတွေနဲ့ လာရောက်ခဲ့ကြတာလို့ ပြောပါတယ်။
လတ်တလောမှာတော့ သူတို့အားလုံးကို ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ လိုအပ်တဲ့ စစ်ဆေးအရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။